သမ္မတထရမ့်နှင့် သမ္မတပူတင် ကြာမြင့်စွာ ဖုန်းဆက်ဆွေးနွေး

သမ္မတထရမ့်နှင့် သမ္မတပူတင် ကြာမြင့်စွာ ဖုန်းဆက်ဆွေးနွေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့သည် မေလ ၃ ရက်က ဖုန်းဆက် ဆွေးနွေးခဲ့ကြရာ တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး ရုရှားလှည့်ကွက်အရေးအပါအဝင် ကမ္ဘာ့ရေးရာများစွာကို ဆွေးနွေးဖြစ်ခဲ့ကြောင်း သမ္မတထရမ့််က ပြောဆိုခဲ့သည်။

၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲတွင် ရုရှားစွက်ဖက်ခဲ့မှုကို စုံစမ်းခဲ့သည့် အထူးစုံစမ်းရေးမှူး ရောဘတ်မြူလာ၏ အစီရင်ခံစာထွက်ပေါ်လာပြီးနောက် သမ္မတထရမ့်နှင့် သမ္မတပူတင် ပထမဆုံး ဖုန်းဆက်ပြောဆိုမှုဖြစ်သည်။

ပြောဆိုမှုမှာ ရှည်ကြာသလောက် ပြောဆို၍ကောင်းမွန်ကြောင်း ထရမ့်က သတင်းစာရှင်းလင်းပွဲတွင် ရှင်းပြခဲ့ပြီး ၄င်း၏ တွစ်တာအကောင့်၌လည်း ဖော်ပြခဲ့သည်။

ယင်းဆက်သွယ်ပြောဆိုမှုကို ရုရှားဘက်ကလည်းအတည်ပြုခဲ့ပြီး အိမ်ဖြူတော်ဘက်မှ စတင်ဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆွေးနွေးမှုတွင် အမေရိကန်၊ ရုရှားနှင့် တရုတ် သုံးနိုင်ငံ လက်နက်ထိန်းချုပ်မှုစာချုပ် အလားအလာ၊ မြောက်ကိုရီးယား နျူကလီးယားအရေး၊ ယူကရိန်းနှင့် ဗင်နီဇွဲလားအရေးများလည်း ပါဝင်ကြောင်းသိရသည်။

လာမည့် ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲတွင် ရုရှားထပ်မံမနှောင့်ယှက်ရန် သမ္မတပူတင်ကို သတိပေးခဲ့ခြင်းရှိမရှိ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကိုမူ ထရမ့်က ဖြေဆိုခဲ့ခြင်းမရှိပေ။

သမ္မတပူတင်အား ယင်းသို့သတိပေးရန် မလိုအပ်၍ သမ္မတထရမ့်က မပြောခဲ့ကြောင်း နောက်ပိုင်းတွင် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ဆာရာဆန်းဒါးစ်ကပြောဆိုခဲ့သည်။

မြူလာ၏ စုံစမ်းစစ်ဆေးမှုကို အပြစ်တင်ခဲ့သည့် ထရမ့်သည် ၂၀၁၆ ရွေးကောက်ပွဲမဲဆွယ်ကာလ စုံစမ်းစစ်ဆေးမှုကို အပြစ်မရှိအပြစ်ရှာသည့် ရုရှားလှည့်ကွက်အရေးဟုသာ ကင်ပွန်းတပ်ခဲ့သည်။

မြူလာ၏အစီရင်ခံစာတွင် အမေရိကန်ရွေးကောက်ပွဲအား ရုရှားတို့သည် စနစ်တကျနှင့် ကျယ်ပြန့်စွာ နှောင့်ယှက်ခဲ့ကြောင်း ဖော်ပြထားသော်လည်း ထရမ့်မဲဆွယ်အဖွဲ့နှင့် ရုရှားတို့ လျှို့ဝှက်ပတ်သက်ခဲ့ကြောင်း ပြစ်မှုမြောက်သည့် အထောက်အထားများ တွေ့ရှိခဲ့ခြင်းမရှိကြောင်း ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံရေးတွင် ရုရှားနှောင့်ယှက်ခဲ့ပုံ ကျယ်ပြန့်သည့် အထောက်အထားများအကြောင်းကို သမ္မတပူတင်အား မပြောခဲ့သည့်အတွက် သမ္မတထရမ့်ကို အထက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် ချပ်ရှူးမားက ဝေဖန်ပြစ်တင်ခဲ့သည်။

သမ္မတထရမ့်၏ ဦးစားပေးမှုသည် စိတ်ပျက်စရာကောင်းပြီး ဒီမိုကရေစီကို ယိုယွင်းစေကြောင်းလည်း ချပ်ရှူးမားက ပြောဆိုခဲ့သည်။