ကျူးဘားပင်လယ်အော်ဘက်မှ ပျံသန်းလာသည့် ခရီးသည် ၁၄၃ ဦးပါ ဘိုးအင်း ၇၃၇ လေယာဉ်တစ်စင်းသည် ဖလော်ရီဒါမြောက်ပိုင်း၌ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းကိုလွန်ထွက်၍ မြစ်အတွင်း ထိုးဆင်းခဲ့သော်လည်း ကံအားလျော်စွာ လူထိခိုက်မှု မရှိကြောင်း သိရသည်။
ကျူးဘားအနီး ဂွာတာနာမိုပင်လယ်အော်ရေတပ်စခန်းမှ ပျံသန်းလာသည့် စင်းလုံးငှားလေယာဉ်သည် မေလ ၃ ရက်ညက ဂျက်ဆွန်ဗီးလ်ရေတပ်စခန်းလေယာဉ်ကွင်းသို့ ဆင်းသက်စဉ် ပြေးလမ်းချော်ထွက်၍ စိန့်ဂျွန်းမြစ်အတွင်း ထိုးဆင်းသွားခြင်း ဖြစ်သည်။
လေယာဉ်သည် ရေမြုပ်မသွားဘဲ ရေပေါ်ပေါ်နေပြီး ကူညီကယ်ဆယ်ရေးအတွက် မီးသတ်တပ်ဖွဲ့အပြင် ကမ်းတက်တပ်ဖွဲ့က ပါဝင်ကူညီခဲ့သည်။
လေယာဉ်ပေါ်ပါသူအားလုံး အသက်ရှင်ခဲ့ပြီး ဆေးရုံသို့ ၂၁ ဦး ပို့ဆောင်ခဲ့သော်လည်း အခြေအနေ ကောင်းမွန်သည်။
ခရီးသည်များမှာ စစ်သည်နှင့် အရပ်သားများရောပြွန်းနေကြောင်း၊ ရေတပ်စခန်းဧရိယာတွင် နေထိုင်ကြသူများ၊ အခြားသို့ ဆက်လက်သွားရောက်မည့်သူများ ပါဝင်ခဲ့ကြောင်း ဂျက်ဆွန်ဗီးလ်ရေတပ်စခန်းမှ ဗိုလ်မှူးကြီး ကော်နာက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
အဖြစ်အပျက်ကြောင့် ယခုထက်အခြေအနေ ပိုမိုဆိုးရွားနိုင်သော်လည်း အံ့ဖွယ်လွတ်မြောက်ခဲ့ကြောင်းလည်း ပြောသည်။
လေယာဉ်ကို မြစ်ထဲမှဆယ်ရန် မည်မျှကြာမည်မသိသေးပေ။ ရေတပ်သားများက ခရီးသည်များ ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ပြီးနောက် ဂျက်လေယာဉ်ဆီများယိုစိမ့်မှုမရှိစေရေး ဆောင်ရွက်ခဲ့ကြောင်းလည်း ကော်နာက ရှင်းပြခဲ့သည်။
လေယာဉ်လမ်းချော်ရခြင်းအကြောင်းရင်းကို ထုတ်ပြန်ခြင်းမရှိသေးဘဲ နိုင်ငံတော်သယ်ယူပို့ဆောင်မှုလုံခြုံရေး ဘုတ်အဖွဲ့က စုံစမ်းရန်သွားရောက်နေပြီဖြစ်သည်။

















