ကွန်ဂို၌ အီဘိုလာကြောင့် သေဆုံးသူတစ်ထောင်ကျော်သွားပြီဖြစ်

ကွန်ဂို၌ အီဘိုလာကြောင့် သေဆုံးသူတစ်ထောင်ကျော်သွားပြီဖြစ်

ကွန်ဂိုနိုင်ငံအရှေ့ပိုင်း၌ ယမန်နှစ် သြဂုတ်မှစ၍ အီဘိုလာကြောင့် သေဆုံးသူ တစ်ထောင်ကျော်ရှိသွားပြီဖြစ်ကြောင်း ကွန်ဂိုကျန်းမာရေးဝန်ကြီး အိုလီလွန်ဂါက မေ ၃ ရက်တွင် ပြောဆိုခဲ့သည်။

ကျန်းမာရေးဝန်ထမ်းများအပေါ် ရန်လိုမှုများကြောင့် အီဘိုလာတားဆီးရေးကြိုးပမ်းမှုများ ထိခိုက်ခဲ့ရကြောင်း လွန်ဂါကပြောဆိုခဲ့သည်။

အီဘိုလာအဓိကဖြစ်ပွားနေသည့် ကာတွာ၌ မကြာသေးမီရက်များအတွင်း သေဆုံးသူလေးဦးအထိရှိခဲ့သောကြောင့် သေဆုံးသူဦးရေ ၁၀ဝ၈ ဦးအထိရှိသွားပြီဖြစ်ကာ ဘူတမ်ဘိုမြို့၌လည်း နောက်ထပ်နှစ်ဦးသေဆုံးခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

အနောက်အာဖရိကရှိ ဂီနီ၊ ဆီရာရာလီယွန်နှင့် လိုင်ဘေးရီးယားတို့၌ ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အထိ အီဘိုလာကြောင့် လူ သောင်းတစ်ထောင်ကျော်သေဆုံးခဲ့သည်။

ကွန်ဂို၌ အီဘိုလာဖြစ်ပွားနေပြီဖြစ်ကြောင်း လွန်ခဲ့သော ကိုးလတွင် ထုတ်ပြန်ခဲ့သည်။

လုံခြုံရေးမတည်ငြိမ်ခြင်းနှင့် ရပ်ကွက်ကျေးရွာများ၌ ကျန်းမာရေးဝန်ထမ်းများအပေါ် မယုံကြည်ခြင်းတို့ကြောင့် ကွန်ဂိုအရှေ့ပိုင်း၌ အီဘိ်ုလာထိန်းချုပ်ရေး ထိခိုက်ခဲ့ရသည်။

အီဘိုလာကုသရေးဌာနများ မကြာခဏတိုက်ခိုက်ခံခဲ့ရသောကြောင့် အစိုးရသည် ဘူတမ်ဘိုနှင့် ကာတွာတို့ရှိ ဆေးကုသရေးဌာနများ၌ လုံခြုံရေးဝန်ထမ်းများကို ထားရှိခဲ့ရသည်။

ယင်းဒေသနှစ်ခု၌ အကြမ်းဖက်မှုများကြောင့် နိုင်ငံတကာပရဟိတအဖွဲ့အစည်းများသည် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခဲ့ရသည်။

လွန်ခဲ့သောလတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) နှင့် လက်တွဲလုပ်ကိုင်နေသည့် ကင်မရွန်းနိုင်ငံသားရောဂါဗေဒပညာရှင်တစ်ဦး တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရပြီးဖြစ်သည်။

အီဘိုလာထိန်းချုပ်ရေးတွင် လုံခြုံရေးအခြေအနေမကောင်းခြင်းသည် အဓိကအတားအဆီးဖြစ်နေကြောင်း၊ ဇန်နဝါရီမှစ၍ တိုက်ခိုက်မှု ၁၁၉ မှုရှိခဲ့ကာ ယင်းတို့အနက် ၄၂ ခုသည် ကျန်းမာရေးဌာနများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း WHO ၏ကျန်းမာရေးအရေးပေါ်ဌာနအကြီးအကဲ မိုက်ကယ်ရိုင်ယန်ကပြောဆိုခဲ့သည်။

ကျန်းမာရေးဝန်ထမ်း ၈၂ ဦးသည်လည်း ဒဏ်ရာရသို့မဟုတ် သေဆုံးခဲ့ပြီးဖြစ်သည်။