မြောက်ကိုရီးယားနိုင်ငံက မေ ၄ ရက်၌ တာတိုပစ်ဒုံးကျည်အများအပြားကို အရှေ့ဘက်ကမ်းလွန်သို့ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားရှိ ပူးတွဲစစ်ဦးစီးအဖွဲ့က ပြောဆိုလိုက်ပြီး အမေရိကန်သည် အနီးကပ် ဆက်လက် စောင့်ကြည့်နေကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
မည်သည့်ဒုံးကျည်အမျိုးအစား စမ်းသပ်ခြင်းဖြစ်ကြောင်းအသေးစိတ်ကို တောင်ကိုရီးယားနှင့် အမေရိကန်အာဏာပိုင်များ စိစစ်နေဆဲ ဖြစ်သည်။
အကယ်၍ တားမြစ်ထားသည့် ပဲ့ထိန်းစနစ်ပါဒုံးကျည်များ စမ်းသပ်ခြင်းဖြစ်ပါက ယင်းသည်၂၀၁၇ ခုနှစ် နိုဝင်ဘာက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ပစ်ခတ်ခဲ့သည့်နောက်ပိုင်းတွင် မြောက်ကိုရီးယား၏ ပထမဆုံးပဲ့ထိန်းဒုံးကျည် စမ်းသပ်မှု ဖြစ်မည် ဖြစ်သည်။
မြောက်ကိုရီးယားက ဒုံးကျည်တစ်စင်းပစ်ခတ်ကြောင်း တောင်ကိုရီးယားစစ်ဘက်က မူလတွင်ထုတ်ပြန်ခဲ့ပြီးနောက်မှ အရှေ့မြောက်ဘက်ပင်လယ်ပြင်ဆီရှေးရှု၍ ဒုံးကျည်အမျာုးအပြား ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ယင်းလှုပ်ရှားမှုကို သတိပြုမိကြောင်း၊ ဆက်လက်စောင့်ကြည့်နေကြောင်း အိမ်ဖြူတော်ပြန်ကြားရေးတာဝန်ခံ ဆာရာဆန်းဒါးစ်က ပြောသည်။
မြောက်ကိုရီးယားပစ်လွှတ်သည့် တာတိုပစ်ဒုံးကျည်များသည် ဂျပန်၏ပိုင်နက် သို့မဟုတ် အထူးစီးပွားရေးဇုန် ရေမိုင် ၂၀ဝ ဝန်းကျင်သို့ ရောက်ရှိခဲ့သည့်လက္ခဏာ မရှိကြောင်းဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ထိပ်သီးချင်းတွေ့ဆုံလိုနေပြီး ယင်းကို အနှောင့်အယှက်ဖြစ်မည့် တုံ့ပြန်မှုကို ရှောင်ရှားနေကြောင်းလည်း သတင်းများကဖော်ပြခဲ့သည်။
ယခု တာတိုပစ်ဒုံးကျည်စမ်းသပ်မှုသည် ဖေဖော်ဝါရီလက ဟနွိုင်းတွင် သမ္မတထရမ့်နှင့် ကင်ဂျုံအွန်တို့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကျင်းပခဲ့ကြပြီး မည်သည့်သဘောတူညီချက်မှ မရရှိခဲ့၍ သံတမန်ဆက်ဆံရေး ယိုယွင်းခဲ့ရသည့်နောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ပထမအကြိမ် ထရမ့်နှင့်ကင်တွေ့ဆုံစဉ်က မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များ ဖျက်သိမ်းရန် မူအားဖြင့် သဘောတူခဲ့သည့် မြောက်ကိုရီးယားသည် လက်နက်ဖျက်သိမ်းမှုလုပ်ငန်းစဉ်အလိုက် အမေရိကန်ဘက်က ပိတ်ဆို့မှုများ ကျယ်ပြန့်စွာ လျှော့ချပေးရန် လိုလားခဲ့သည်။
ယင်းကို အမေရိကန်က ငြင်းပယ်ခဲ့ခြင်းကြောင့် ဝါရှင်တန်နှင့် ပြုံယမ်းအကြား သံတမန်ရေး ရှေ့မတိုးနောက်မဆုတ် ဖြစ်နေခဲ့သည်။လွန်ခဲ့သည့်လကလည်း မြောက်ကိုရီးယားသည် အမျိုးအစား အတိအကျဖော်ပြခြင်းမပြုသည့် နည်းဗျူဟာအဆင့် လမ်းညွှန်လက်နက်သစ် တစ်မျိုးစမ်းသပ်ကြောင်း ကြေညာခဲ့သည်။

















