ထိုင်းဘုရင် မဟာဝဇီရလောင်ကွန်းသည် မေ ၄ ရက်တွင် ရာစုနှစ်များစွာကြာ အစဉ်အလာအတိုင်း ဘိသိက်ခံခဲ့သည်။
ထိုင်းပြည်သူများ၏ချစ်ခင်ကြည်ညိုခြင်းခံခဲ့ရသည့် ဘုရင်ဘူမိဘော အဒူလျာဒေဇ က ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် ကံတော်ကုန်ခဲ့ပြီးနောက် သားဖြစ်သူ ဝဇီရလောင်ကွန်းနန်းတက်ခဲ့ခြင်းဖြစ်သည်။
အသက် ၆၆ နှစ်အရွယ် မဟာဝဇီရလောင်ကွန်းသည် ဘုရင်အဖြစ် စိုးစံနေသည်မှာ နှစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ မေ ၄ ရက်တွင် ဗုဒ္ဓဘာသာနှင့်ဟိန္ဒူဓလေ့ယှက်နွှယ်သည့် အခမ်းအနားတွင် မဟာဝဇီရလောင်ကွန်းသည် ပုဏ္ဏားတော်ထံမှ မကိုဋ် ကိုလက်ခံခဲ့သည်။
ဒဿမမြောက်ရာမဆိုသည့် ဘွဲ့တော်ရထားသည့် ဘုရင်ထံသို့ သက်တမ်းနှစ် ၂၀ဝ ရှိပြီး ၇ ဒသမ ၃ ကီလိုဂရမ်( ၁၆ ပေါင်)အလေးချိန်ရှိသော မကိုဋ် ကိုလွှဲပြောင်းပေးအပ်ခြင်းသည် မင်းဝတ်တန်ဆာများထုတ်ပြဝတ်ဆင်မှု၏တတိယနှင့် နောက်ဆုံး အခမ်းအနားဖြစ်သည်။
အစောပိုင်းတွင် ဝတ်ရုံဖြူဆင်မြန်းထားသည့် ဘုရင်သည် မဏ္ဍပ်တော်ထဲသို့ဝင်ရောက်ပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ဦးက ပရိတ်ရည်ဖြင့်သွန်းလောင်းပေးခဲ့သည်။ယင်းဓလေ့ကို တော်ဝင်သန့်စင်ခြင်းမင်္ဂလာဟု သိကြသည်။
ဘုရင်များသည် နိုင်ငံ၏အသက်ဝိဉာဉ်ဖြစ်သောကြောင့် ဘိသက်ပွဲသည် ထိုင်းသမိုင်းအတွက် အရေးပါကြောင်း အသက် ၄၁ နှစ်အရွယ် အစိုးရဝန်ထမ်း နောက်ဝါရတ် ဘူကလူယန်က ပြောဆိုခဲ့သည်။
မဟာဝဇီရလောင်ကွန်းသည် တော်ဝင်အာဏာပိုမိုခိုင်မာစေရန်အတွက် ပြည်သူ့ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့ပြီးဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ဖြည့်စွက်ချက်များကိုထည့်သွင်းပေးရန် စစ်အစိုးရကို တောင်းဆိုခဲ့ရာ စစ်အစိုးရကလည်း လိုက်လျောခဲ့ပြီးဖြစ်သည်။
ဘိသိက်ခံပြီးနောက် မဟာဝဇီရလောင်ကွန်းသည် ဗုဒ္ဓသာသနာတော်ကို စောင့်ရှောက်သူဖြစ်သောကြောင့် မြဘုရားသို့သွားရောက်ဖူးမြော်ခဲ့သည်။
မေ ၅ ရက်တွင် လူ ၃၄၃ ဦးပါဝင်ကာ အရှည် ၇ ကီလိုမီတာ( ၄ ဒသမ ၃ မိုင်) ရှိသော တော်ဝင်စီတန်းသွားလာမှုရှိပြီး ယင်းတို့အနက် အချို့သည် ဘုရင်ကို သလွန်ပေါ်တင်ကာ သွားလာမည်ဖြစ်သည်။
မေ ၆ ရက်တွင် ဘုရင်သည် တော်ဝင်နန်းတော်လေသာဆောင်မှု အများပြည်သူကို နှုတ်ခွန်းဆက်စကားပြောဆိုမည်ဖြစ်ကာ ယင်းနောက်တွင် သံတမန်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

















