အီသီယိုးပီးယားနိုင်ငံ၌ မေ ၃ ရက်တွင် ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့်နေ့ကို ကျင်းပခဲ့သော်လည်း ယူဂန္ဓာနိုင်ငံ၌မူ အတိုက်အခံနိုင်ငံရေးသမား ဘော်ဘီဝိုင်အား ရုံးထုတ်မှုကို သတင်းဖော်ပြခဲ့သည့် ရုပ်သံနှင့်ရေဒီယိုဌာနများရှိ အကြီးအကဲများ ရာထူးမှ ခေတ္တရပ်ဆိုင်းထားရန် အာဏာပိုင်များ၏ညွှန်ကြားမှုကို ဆန့်ကျင်သည့်အနေဖြင့် သတင်းသမားများက ချီတက်ဆန္ဒပြခဲ့ကြသည်။
ရုပ်သံနှင့် ရေဒီယိုဌာန ၁၃ ခုတို့မှ သတင်းဌာနခွဲအကြီးအကဲ၊ ထုတ်လုပ်ရေးတာဝန်ခံများအပါအဝင် ဌာနဆိုင်ရာခေါင်းဆောင်များကို တာဝန်မှ ခေတ္တရပ်ဆိုင်းထားရန် ယူဂန္ဓာဆက်သွယ်ရေးကော်မရှင်က ညွှန်ကြားချက်ထုတ်ပြန်ထားခြင်းကို ဆန့်ကျင်ကြောင်းပြသည့်အနေဖြင့် သတင်းသမားများ ချီတက်ခဲ့ကြခြင်းဖြစ်သည်။
ရုပ်သံနှင့် ရေဒီယိုဌာနများသည် အစွန်းရောက်နှင့် အကြမ်းဖက်ရန်လှုံ့ဆော်သည့် သတင်းစကားများကို မျှဝေခဲ့ကြကြောင်း ကော်မရှင်က စွပ်စွဲခဲ့သည်။
ဒေသခံရုပ်သံနှင့် ရေဒီယိုအသင်းက ညွှန်ကြားချက်ကိုဆန့်ကျင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ယူဂန္ဓာကို နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့သည့် ယိုဝဲရီ မူဆာဗဲနီကို ဆန့်ကျင်သည့် လူငယ်များ၏ခေါင်းဆောင် အတိုက်အခံလွှတ်တော်အမတ်ဖြစ်သလို အဆိုတော်လည်းဖြစ်သည့် ဘော်ဘီဝိုင်ကို ရုံးထုတ်မှုကို မီဒီယာများကဖော်ပြခဲ့ခြင်းဖြစ်သည်။
အဆိုတော်သည် ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့မှုဖြင့် အမှုဖွင့်ခံထားရသည်။ထို့ပြင် အီသီယိုးပီးယားအစိုးရက အမုန်းစကားဖြန့်ချိမှုကိုတားဆီးရေးအတွက် ဥပဒေပြဌာန်းရန် ကြိုးပမ်းမှုကို နိုင်ငံသားသတင်းသမားများနှင့် ဘလော်ဂါများက ဆန့်ကျင်ကြောင်းပြောဆိုခဲ့သည်။
အီသီယိုးပီးယားအစိုးရအဆက်ဆက်သည် အတိုက်အခံများကို ဖိနှိပ်ရန် ဥပဒေများကို အသုံးချခဲ့သည့် သမိုင်းကြောင်းရှိသောကြောင့် အမုန်းစကားဖြန့်ချိမှုဆိုင်ရာဥပဒေသည်လည်း အာဏာပိုင်များ၏လက်ကိုင်တုတ်ဖြစ်သွားနိုင်ကြောင်း သတင်းသမားများကပြောဆိုခဲ့သည်။
အီသီယိုးပီးယား၌ မကြာသေးမီတွင် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများဖော်ဆောင်နိုင်ခဲ့ခြင်းကို အသိအမှတ်ပြုသည့်အနေဖြင့် ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့်နေ့ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

















