လင်မယားရန်ဖြစ်ရာမှ ဇနီးနှင့် ခုနစ်လအရွယ်သမီးကို ဓားဖြင့်ခုတ်သတ်

လင်မယားရန်ဖြစ်ရာမှ ဇနီးနှင့် ခုနစ်လအရွယ်သမီးကို ဓားဖြင့်ခုတ်သတ်

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် လင်မယားချင်းစကားများရန်ဖြစ်ရာမှ ဇနီးနှင့် အသက် ခုနစ်လအရွယ် သမီးငယ်တို့ကို ဓားဖြင့် ခုတ်သတ်မှု မေ ၃ ရက်က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ ၂ နာရီတွင် ကောလင်းမြို့နယ် မြင့်ဒူးကျေးရွာနေ မင်းမင်းအောင် ၃၅ နှစ် နှင့် ၎င်း၏ဇနီးဖြစ်သူ ခင်ထက်လှိုင် ၁၈ နှစ်တို့ စကားများရန်ဖြစ်ခဲ့ကြသည်။

ထိုသို့ စကားများရန်ဖြစ်စဉ် မင်းမင်းအောင်ကအရှည်အရိုးအသွား ၂၅ လက်မခန့်ရှိ သစ်သား လက်ကိုင်ရိုးတပ် ငှက်ကြီးတောင်ဓားဖြင့်ဇနီး ဖြစ်သူကို ခုတ်ခဲ့ရာ လည်ပင်းပြတ်လုနီးပါး ဒဏ်ရာတစ်ချက်၊ ပါးစောင်ယာဘက်ငါးလက်မခန့်ရှိ ပြတ်ရှဒဏ်ရာ တစ်ချက်၊ ရင်ညွန့်အလယ်တည့်တည့်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်တို့ဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ထို့ပြင် အသက်ခုနစ်လအရွယ် သမီးဖြစ်သူတွင်လည်း လည်ပင်းပြတ်လုနီးပါးဒဏ်ရာတစ်ချက်၊ ညာဘက်လက်ပြင်ပြတ်လုနီးပါး ဒဏ်ရာတစ်ချက်၊ ရင်ဘက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာဘက်ပခုံးပြတ်ရှဒဏ်ရာတစ်ချက်တို့ ရရှိ သေဆုံး ခဲ့ကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ကောလင်းမြို့မရဲစခန်းက မင်းမင်းအောင်ကို ရာဇ သတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။