ဆိုင်ကယ်ကယ်ရီမောင်းသူကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ နှစ်ဦးအား ဖမ်းဆီး

ဆိုင်ကယ်ကယ်ရီမောင်းသူကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ နှစ်ဦးအား ဖမ်းဆီး

မြိတ်မြို့တွင်ဆိုင်ကယ်ကယ်ရီမောင်းသူကိုလက်လုပ်သေနတ်ဖြင့်ပစ်ခတ်ခဲ့သူနှစ်ဦးအား သက်ဆိုင်ရာက မေ ၄ ရက်တွင် ဖမ်းဆီးအရေးယူခဲ့သည်။

မေ၂ ရက်ည ၇ နာရီ ၁၅ မိနစ်တွင် မြိတ်မြို့ မြိတ်တောင်ရပ်ကွက်၊ ရေနံမြေရပ်၊ ဆိပ်ကမ်းဝင်းနေ ဦးဝင်းနိုင်မောင်းနှင်သည့် ဆိုင်ကယ်ကယ်ရီကို ရေနံမြေရပ်မှ အမျိုးသားနှစ်ဦးက ကုန်းဖောက်ရပ်အနီးသို့ ငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ခဲ့သည်။

ထိုသို့ပို့ဆောင်စဉ် ကုန်းဖောက်တံတားအနီး အရောက် ခရီးသည် အမျိုးသားနှစ်ဦးကသေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးဝင်းနိုင်တွင် ညာဘက်ရင်အုံ ထိုးဖောက်ဒဏ်ရာရရှိခဲ့သည်။

ပြစ်မှုကျူးလွန်သူနှစ်ဦးသည် မြိတ်တောင်ကျေးရွာ ရွှေပြည်တန်ရပ်ကွက်ရှိနေအိမ်တစ်အိမ်၌ ပုန်းခိုနေထိုင်ကြောင်း သတင်းအရ သက်ဆိုင်ရာက မေ ၄ ရက်နံနက် ၃ နာရီ မိနစ်၄၀ ခန့်တွင် ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့နှစ်ဦးမှာ မြိတ်တောင်ကျေးရွာနေ ကျော်ထွန်း(ခ)ကျော်လင်းထွန်း(၃၁ နှစ်)နှင့် အမှတ် (၉၃၇) ထောက်ပို့ရေးတပ်မှ တပ်သားခန့်သူအောင်တို့ နှစ်ဦးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ပြစ်မှုကျူးလွန်စဉ် ပါဝင်ခဲ့သည့် တပ်သားခန့်သူအောင်ကို တပ်မတော်သို့လွှဲပြောင်းပေးခဲ့ပြီး ကျော်ထွန်း(ခ) ကျော်လင်းထွန်းကို အခင်းဖြစ်ပွားစဉ်က အသုံးပြုခဲ့သည့် သံပြောင်း၊ သစ်သားဒင်ပါ လက် လုပ်သေနတ်တစ်လက်၊ ကျည်ဆံ ၁၃ တောင့်၊ ကျည်ဖူးမပါ ၆ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

မြိတ်မြို့မရဲစခန်းက (ပ) ၁၃၃၂ /၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၁၁၄ အရ အမှုဖွင့်အရေးယူထားသည်။