တာချီလိတ်မြို့တွင်ဖွင့်လှစ်ထားသည့် နန်းနန်းဘွန်းကျောက်ရွှေဆိုင်ကို အနုကြမ်းစီးသည့်အဖွဲ့တွင် ပါဝင်သူတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
ဖမ်းဆီးရမိသူမှာ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ဖတ်ဟိကျေးရွာနေထိုင်သူ အိုက်ခမ်းသန်း(ခ)ခမ်းထန်(ခ) ဆန်ခမ်းဆန်ဖြစ်ပြီး၎င်းကို ဝမ်ပုံနယ်မြေရဲစခန်းမှူးရဲအုပ်တင်ဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များက သတင်းအရ မေ ၄ ရက် ညပိုင်းတွင် ဝမ်ပုံနယ်မြေရဲစခန်းအပိုင်အတွင်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၄င်းကို ဖမ်းဆီးစဉ် နေအိမ်အတွင်းမှ ကျည်ဆံနှစ် တောင့်၊ သစ်သားဖြင့်ပြုလုပ်ထားသည့် သေနတ်ဒင်တစ်ခု၊ ရွှေအရည်ကျိုသည့် ဖားဖိုတစ်လုံးအပါအဝင် သက်သေခံပစ္စည်းများကို သိမ်း ဆည်းခဲ့သည်။
ဖမ်းဆီးရမိသူ အိုက်ခမ်းသန်း(ခ)ခမ်းထန်(ခ) ဆန်ခမ်းဆန်ကို တာချီလိတ်မြို့မရဲစခန်းသို့ လွှဲပြောင်း ချုပ်နှောင်ထားသည်။
တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် ဖွင့်လှစ်ထားသည့် နန်းနန်းဘွန်းကျောက်ရွှေဆိုင်တွင် မတ် ၂၉ ရက် နံနက် ၇ နာရီခန့်က ဖြစ်ပွားခဲ့သည့် အနုကြမ်းစီးမှုတွင် ၎င်းပါဝင်ခဲ့ပြီး ရွှေ (၈၀) ကျပ်သားခန့်၊ စိန်ထည်ပစ္စည်း ဘတ်သိန်း (၂၀)ဖိုးခန့်၊ ဘတ်ငွေ သိန်း (၂၀)နှင့် လက်ကိုင်ဖုန်းခုနစ်လုံးတို့ယူဆောင်သွားသည့် အနုကြမ်းစီးမှုလည်းဖြစ်သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၇၂/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ / ကျင့် ၅၁၂ အရ အမှုဖွင့်စုံစမ်းခဲ့သည်။
ထိုသို့စုံစမ်းနေစဉ် အမှု၌ ပါဝင်ကျူးလွန်ခဲ့သည့် ထိုင်းနိုင်ငံသားတစ်ဦးကို ရွှေထည်ပစ္စည်းအချို့နှင့် အတူ ဝမ်ကဲ (၂ )ကျေးရွာတွင် ဧပြီ ၁ ရက်က ဖမ်းမိခဲ့သည်။

















