မကြာခဏနှိပ်စက်သည့်ခင်ပွန်းကို ဓားဖြင့်ထိုးသတ်

မကြာခဏနှိပ်စက်သည့်ခင်ပွန်းကို ဓားဖြင့်ထိုးသတ်

မကြာခဏနှိပ်စက်သည့် ခင်ပွန်းကို ဇနီးဖြစ်သူကဓားဖြင့်ထိုးသတ်မှု ကလောမြို့တွင် မေ ၆ ရက်က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ညနေ ၃ နာရီခွဲတွင် ကလောမြို့ ရွှေတောင်ကြားရပ်ကွက် ရွာလယ်လမ်းဆုံ၌ လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ ကလောမြို့မရဲစခန်းမှ ဒုရဲအုပ်ဇင်မင်းထွန်းနှင့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ ရွှေတောင်ကြားရပ်ကွက် ရွာလယ်လမ်းဆုံတွင် အဆိုပါရပ်ကွက်နေ အောင်တင်ဝင်း (စိစစ်ဆဲ)သည် ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိသေဆုံးနေသည်ကို တွေ့ရပြီး ၎င်း၏ဇနီးဖြစ်သူ မအိနှင့် စကားများရန်ဖြစ်ရာမှ ဇနီးကဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ခင်ပွန်းဖြစ်သူအောင်တင်ဝင်းသည် ညနေ ၃ နာရီခန့်တွင် အရက်မူးကာ နေအိမ်သို့ ပြန်ရောက်လာပြီး လင်မယားချင်းစကားများရန်ဖြစ်စဉ် ရိုက်နှက်သဖြင့် ထွက်ပြေးရာ အောင်တင်ဝင်းက လေးခွဖြင့် နောက်မှ လိုက်လံပစ်ခတ်ခဲ့ကြောင်း၊ အခင်း ဖြစ်လမ်းဆုံအရောက် ထပ်မံရိုက်နှက်သဖြင့် ဓားဖြင့်ထိုးခဲ့ကြောင်း ဇနီးဖြစ်သူမအိက သက်ဆိုင်ရာထံသို့ ထွက်ဆိုခဲ့သည်။

ကလောမြို့မရဲစခန်းက(ပ)၂၇/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားသည်။