ဘဏ်မှထုတ်လာသည့်ငွေကို ဆိုင်ကယ်စီးသူနှစ်ဦးက လုယက်

ဘဏ်မှထုတ်လာသည့်ငွေကို ဆိုင်ကယ်စီးသူနှစ်ဦးက လုယက်

အမျိုးသမီးနှစ်ဦး ဘဏ်မှထုတ်ယူလာသည့် ငွေကျပ် ၁၅ သိန်းကို ဆိုင်ကယ်စီးနင်းလာ သူနှစ်ဦးက လုယက်ခဲ့မှု အုတ်တွင်းမြို့နယ်တွင် မေ ၇ ရက်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှ ကျူးလွန်သူနှစ်ဦးကို ပြည်သူများနှင့် ရဲတပ်ဖွဲ့က မိနစ်ပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ကျွဲပွဲနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မေ ၇ ရက်မွန်းလွဲ ၂ နာရီ ၄၅မိနစ်တွင် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ဘုရားလေး ကျေးရွာအုပ်စုနေ မဇင်မာဦးသည် ညီမဖြစ်သူနှင့်အတူ တောင်ငူမြို့ KBZ ဘဏ်မှ ကျပ် ၁၅ သိန်းကို ထုတ်ယူကိုင်ဆောင်၍ရန်ကုန်မန္တလေးလမ်းဟောင်းတိုင်း ဆိုင်ကယ်ဖြင့်မောင်းနှင် ပြန်လာခဲ့သည်။

ထိုသို့ပြန်လာစဉ်မိုင်တိုင်၁၄၇/၂ အရောက် နောက်မှ လူနှစ်ဦး စီးနင်းမောင်းနှင်သည့် ဆိုင်ကယ်က ကိုင်ဆောင်ထားသည့် ငွေထုတ်ကို ဆွဲယူမောင်းနှင်ထွက်ပြေး သွားသောကြောင့် ကျွဲပွဲနယ်မြေရဲစခန်း သို့အကူအညီတောင်းခဲ့သည်။

'' ငွေထုပ်ကို ဆိုင်ကယ်သမားနှစ်ယောက် လုသွားတယ်လို့ အကြောင်းကြားလို့ ကျွန်တော်တို့ အဆင့်ဆင့် အကြောင်းကြားပြီး ပိတ်ဆို့ရှာဖွေခဲ့တာ ပြစ်မှုကျူးလွန်သူနှစ်ဦးကို မိနစ်ပိုင်းအတွင်းဖမ်းဆီး အရေးယူနိုင်ခဲ့တယ်" ဟု ကျွဲပွဲနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ကျူးလွန်သူ တောင်ငူမြို့၂၃ ရပ်ကွက်နေ ကိုကို (၁၈ နှစ်)နှင့် ၁၂ ရပ်ကွက်နေ ကိုဖိုးအေး ၂၀ နှစ်တို့ နှစ်ဦးက မိုင်တိုင်အမှတ် ၁၃၄/၆ ဖာလုံအနီးရှိ ခြုံပုတ် အတွင်း ဆိုင်ကယ်နံပါတ်ပြားနှင့် ဘက်မှန်တပ်နေစဉ် ပြည်သူများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

လုယူသွားသည့် ငွေထုပ်နှင့်အတူလက်ကိုင်ဖုန်းတစ်လုံးကို ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး ကျွဲပွဲနယ်မြေရဲစခန်းက (ပ)၅၀/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ အရ အမှုဖွင့် အရေးယူထားသည်။