ရန်ကုန်တက္ကသိုလ်လို့ ဆိုလိုက်တာ နဲ့ အဓိပတိလမ်း၊ သစ်ပုတ်ပင်၊ ဘွဲ့နှင်းသဘင်ဆောင်စတဲ့ အမှတ်အသားတွေနဲ့ တွဲဖက်ပြီး မြင်တတ်ကြပါတယ်။
"ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ခဲ့တာ"၊ "ရန်ကုန်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာ"ဆိုတာကိုလည်း ကျောင်းသားတွေက ဂုဏ်ယူပြီး ပြောဆိုလေ့ရှိကြပါတယ်။ ဒီအရာတွေနဲ့အတူ နောက်ထပ် ဂုဏ်ယူစရာကောင်းလောက်တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ပြယုဂ်လို့ခေါ်ဆိုနိုင်တာကတော့ "တက္ကသိုလ်စာကြည့်တိုက်" ပဲ ဖြစ်ပါတယ်။
ယခင်က မြန်မာနိုင်ငံမှာ သာမက ဒေသတွင်း နိုင်ငံတွေအထိပါ အပြည့်စုံဆုံး စာကြည့်တိုက်အဖြစ် ရပ်တည်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ဟာ အခုအချိန်မှာတော့ အရင်ဂုဏ်ပုဒ်ကို ပြန်လည်ရယူနိုင်အောင် ကြိုးပမ်းနေပါပြီ။
မြန်မာတိုင်း(မ်)ရဲ့ မေးမြန်းမှုကို ဖြေကြားသူတွေအများစုကတော့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဟာ ဝန်ဆောင်မှုတွေ ကောင်းမွန်ပြီး စာအုပ်စာတမ်းတွေ အမျိုးအစား စုံလင်တယ်လို့ ဆိုကြပါတယ်။
ယနေ့ထက်ထိတိုင် ထုထည်ကြီးမားခံ့ညားတဲ့ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကြီးဟာဆိုရင် မြန်မာစာပေသမိုင်းမှာ ထင်ရှားခဲ့တဲ့ ဦးသိန်းဟန် (ဆရာဇော်ဂျီ) ဒေါက်တာစည်သူသော်ကောင်းတို့လို စာဆိုအကျော်အမော်တွေကို မွေးထုတ်ပေးခဲ့ရာ ဘူမိနက်သန်လို့ ဆိုရင်လည်း မမှားပါဘူး။ သူတို့နှစ်ဦးစလုံးဟာ တက္ကသိုလ်စာကြည့်တိုက်မှူးတွေအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။
ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ တက္ကသိုလ် စာကြည့်တိုက်ကိုတော့ ၁၉၂၇ ခုနှစ်မှာမှ စတင် အုတ်မြစ်ချခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံဘုရင်ခံနဲ့ တက္ကသိုလ်အဓိပတိလည်းဖြစ်တဲ့ ဆာဟာကုတ်ဘတ္တလာ (Sir Hercourt Butler) ကိုယ်တိုင် အုတ်မြစ်ချပေးခဲ့တာပါ။
စာကြည့်တိုက်တည်ဆောင်ဖို့အတွက်Dr.S Rama natha Reddier(L.L.D) ဆိုတဲ့ ရာဂျာတစ်ဦးက ရူပီးငွေ နှစ်သိန်း မတည်လှူဒါန်းခဲ့ပါတယ်။
စတင်ဖွင့်လှစ်နိုင်ခဲ့တာကတော့ ရန်ကုန်တက္ကသိုလ်ဖွင့်အပြီး ၁၁ နှစ်အကြာ ၁၉၃၁ နှစ်မှာဖြစ်ပါတယ်။
အခုဆိုရင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ရဲ့ သက်တမ်းက နှစ်ပေါင်း ကိုးဆယ်ထဲကို ဝင်ရောက်လာခဲ့ပါပြီ။ နှစ်ပေါင်းမျာစွာ ကြာပေမဲ့ အထပ်လေးထပ်ပါဝင်တဲ့ စာအုပ်ထားသိုခန်း (Stack Room)ဟာ ယနေ့အချိန်အထိ ခေတ်မီနေဆဲဖြစ်ပါတယ်။ အထပ်လေးထပ်စလုံးကို လေဝင်လေထွက်ကောင်းမွန်တဲ့ သံဆန်ခါကြမ်းခင်းတွေနဲ့ တည်ဆောက်ထား ထာဖြစ်ပြီး ဒေါင်လိုက် ပြူတင်းပေါက်ရှည်ကြီးတွေကိုလည်း တပ်ဆင်ထားပါတယ်။
ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကဆိုရင် ဒီစာကြည့်တိုက်ကြီးဟာ အရှေ့တောင် အာရှရဲ့ ခေတ်အမီဆုံးနဲ့ စာအုပ်စာတမ်း အစုံလင်ဆုံး စာကြည့်တိုက်ကြီးဖြစ်ခဲ့တယ်လို့လည်း ပြောစမှတ်ပြုကြပါတယ်။
စစ်အတွင်းမှာတော့ သည်စာကြည့်တိုက်ကြီးဟာလည်း စစ်ဒဏ်ကို ခံခဲ့ရပါတယ်။ ရန်ကုန်ကနေ ဆုတ်ခွာနေတဲ့ ဂျပန်စစ်တပ်ဟာ အဆောက်အအုံကို မိုင်းခွဲဖျက်ဆီးခဲ့တာကြောင့်ဖြစ်ပါတယ်။ မိုင်းခွဲခံရမှုကြောင့် စာကြည့်တိုက် အဆောက်အအုံ ကြီးကြီးမားမားပျက်စီးခဲ့ရသလို စာအုပ်စာတမ်းနဲ့ ပေပုရပိုက်အားလုံးလည်း မီးလောင် ပျက်စီးခဲ့ရပါတယ်။
ယခုမြင်နေရတဲ့ အဆောက်အအုံက စစ်ပြီးခေတ်မှာမှ ပြန်လည်ပြုပြင်ထားခဲ့တာဖြစ်ပြီး စာအုပ်စာတမ်းအားလုံးကိုလည်း အဲဒီအချိန်မှသာ ပြန်လည် စုဆောင်းခဲ့ရတာပါ။
အခုဆိုရင် ရန်ကုန်တက္ကသိုလ် စာကြည့်ထိုက်ထဲမှာ မြန်မာဘာသာနဲ့ရေးတဲ့ စာအုပ်ပေါင်း လေးသောင်းကျော် (၄၅ç၄၉၁ အုပ်)၊ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ စာအုပ်ပေါင်း ရှစ်သောင်းကျော် (၈၀çဝ၈၂ အုပ်)။ ကျမ်းစာအုပ်ပေါင်း ၁၉çဝ၀ဝ နဲ့ ပေ ၁၈၈ ချပ်ကို စုဆောင်းထားခဲ့နိုင်ပါတယ်။ စုစုပေါင်း စာအုပ်စာတမ်း တစ်သိန်းခွဲနီးပါးကို ဆုဆောင်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒါ့ပြင် စာနယ်ဇင်း ၄၈ မျိုးနဲ့ အွန်လိုင်းစာကြည့်တိုက် အတွက် အီလက်ထရွန်းနစ်စနစ်နဲ့ ဖတ်ရှုနိုင်တဲ့ န ဘသသု တွေကိုလည်း စုဆောင်းထားပါသေးတယ်။
မြန်မာဘာသာနဲ့ရေးတဲ့ စာအုပ်စာတမ်းအများစုကို အစိုးရရဲ့ ထောက်ပံ့ပေးမှုနဲ့ စုဆောင်းတာဖြစ်ပြီးသီးခြား လာလှူတဲ့သူတွေလည်း ရှိတယ်လို့ စာကြည့်တိုက်မှူး ဒေါက်တာ လှိုင်လှိုင်ကြီးက ပြောပါတယ်။
ခေတ်မျိုးစုံ စနစ်မျိုးစုံကို ဖြတ်ကျော်လာရတဲ့ ရန်ကုန်တက္ကသိုလ်ကြီးဟာလည်း မကြာခဏဆိုသလို ပိတ်လိုက် ဖွင့်လိုက် အကြိမ်ကြိမ် လုပ်ခဲ့ရပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးနဲ့အတူ မှေးမှိန်ခဲ့ရတဲ့ အချိန်တွေကိုလည်း သည်စာကြည့်တိုက်ကြီးက ဖြတ်ကျော်ခဲ့ရပါတယ်။ အခုချိန်မှာတော့ အမိတက္ကသိုလ ်ကြီးနဲ့အတူ ပြန်လည်နိုးကြားသက်ဝင်လာနေပြီဖြစ်ပါတယ်။
အရင်ကဆိုရင် ဒီစာကြည့်တိုက်ကြီးဟာ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ဆရာမတွေအတွက်သာ အဓိထားပြီး ဖွင့်ထားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ပြင်ပလူတွေကိုလည်း စာကြည့်တိုက်အသင်းဝင်ခွင့်နဲ့ စာအုပ်ငှားရမ်းခွင့်တွေ ပေးနေပြီဖြစ်ပါတယ်။ စာကြည့်တိုက်အသင်းဝင်ဖြစ်ဖို့အတွက်လည်း ငွေကြေးတစ်စုံတရာပေးဖို့ မလိုဘူးလို့ စာကြည့်တိုက်မှူးက ပြောပါတယ်။
ဝန်ဆောင်မှုကောင်းလာတာနဲ့ စာအုပ်စာတမ်းတွေ ပိုမိုစုံလင်တာကြောင့် သည်ကိုလာပြီး စာလာဖတ်သူအရေအတွက်ဟာလည်း တစ်နေ့တခြား များပြားလာနေပြီဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်တက္ကသိုလ်စာကြည့်ဟာ စာကြည့်တိုက်တွေထဲမှာ ဝန်ဆောင်မှုအကောင်းဆုံးပဲလို့ စာကြည့်တိုက်လာသုံးဖူးသူ အားလုံးကဆိုပါတယ်။ စာအုပ်ဖတ်တဲ့သူတွေအတွက် သက်သောင့်သက်သာဖြစ်စေမယ့် အခင်းအကျင်းတွေရှိသလို စာအုပ်ရှာပေးတဲ့ ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုကလည်း ကောင်းတယ်လို့ ညွန်းကြပါတယ်။
"အရင်ကတော့ ကက်တလောက်အားကိုးပြီးရှာရတယ်။ အခုကတော့ နည်းပညာတိုးတက်လာ။ အံဆွဲတွေဆွဲပြီး လှန်လှော နေဖို့မလိုတော့ဘူး ကွန်ပျူတာနဲ့ အလွယ်တကူရှာလို့ရလာပြီ"လို့ ကိုတင်မင်းလတ် (စာရေးဆရာ ဆောင်းဖြူ) ပြောပါတယ်။
သူကတော့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ ကျောင်းတက်ခဲ့တဲ့ ကျောင်းသားဟောင်းတစ်ဦးဖြစ်ပါတယ်။ အရင်ကဆိုရင် လက်ရှိကျောင်းသားတွေကိုပဲ အသင်းဝင်ခွင့်ပြုပြီး စာအုပ်ငှားခွင့်ပြုခဲ့တာကြောင့် ကျောင်းပြီးသွားတဲ့ ကျောင်းသားတွေအတွက် စာကြည့်တိုက်သုံးတဲ့အခါမှာ အခက်တွေ့ခဲ့တယ်လို့ သူကပြောပါတယ်။
"အပြင်လူတွေအတွက် အမျိုးသားစာကြည့်တိုက်ရှိတယ်ဆိုပေမဲ့လည်း နေရာက အတည်တကျမရှိတော့ တစ်ခုခုသိချင်ရင် စာကြည့်တိုက်နေရာကို အရင်ဆုံးလိုက်မေးနေရတယ်။ အဲဒီကို သွားဖို့လာဖို့ကလည်း မလွယ်ကူဘူး။ သည်တော့ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကပဲ အားကိုးစရာဖြစ်နေတာပေါ့"လို့ သူက ပြောပါတယ်။
ဒီမှာက လိုချင်တဲ့စာအုပ် ၉၉ ရာခိုင်နှုန်းလောက်တော့ ရှိပါတယ်လို့ သူက ဆက်ပြောပါတယ်။
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဟာ တခြား တက္ကသိုလ်စာကြည့်တိုက်တွေထက် စာအုပ်စာတမ်းစုံလင်တာကြောင့် ပြင်ပ ဗဟုသုတ ရှာဖွေရုံသက်သက်မဟုတ်ဘဲ စာတမ်းပြုစုလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ စာပေဘဏ်တိုက်ကြီး တစ်ခုလည်းဖြစ်ပါတယ်။
"အရင်လူတွေ စာတမ်း ဘယ်လိုရေးလဲဆိုတာ လာလေ့လာတာ။ ဒီမှာက ပိုစုံတယ်"လို့ မသင်းသင်းဌေးက ပြောပါတယ်။ သူကတော့ တောင်ငူတက္ကသိုလ် သမိုင်းဘာသာဌာနက ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ကုန်းဘောင်ခေတ်နှောင်းရဲ့ စီးပွားရေး အုပ်ချုပ်ရေးဆိုင်ရာ စာတမ်းအတွက် စာကြည့်တိုက်မှာ ကိုးကားကျမ်းလာရှာတာလို့ ပြောပါတယ်။
ဒီစာကြည့်တိုက်မှာရှိတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ န-ူငဘမမေပ ကိုလည်း ထားရှိပေးထားပါတယ်။ အဲဒီကနေတစ်ဆင့် သုတေသနပြုလုပ်လိုသူအားလုံးအတွက် ၂၄ နာရီဝန်ဆောင်မှုပေးနေပါတယ်။ ဒါ့ပြင် စာလာဖတ်သူတွေ အင်တာနက် သုံးချင်တဲ့အခါမှာ အဆင်ပြေစေဖို့အတွက် ဖရီးဝိုင်ဖိုင်ကိုလည်း ထားရှိပေးထားပါတယ်။
ကျောင်းစာအပြင် ကျောင်းချိန်ပြင်ပမှာ ဗဟုသုတရှာဖွေလိုသူတွေအတွက်လည်း သည်စာကြည့်တိုက်ကြီးက အထောက်အကူပေးလျက်ရှိနေပါတယ်။
"အေးအေးဆေးဆေးနဲ့ ဆိတ်ငြိမ်တယ်။ ဒီမှာ လိုချင်တဲ့စာအုပ်တော်တော်များများရတယ်"လို့ မသင်းအိအိထွန်းက ပြောပါတယ်။ သူကတော့ ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှာ ကျောင်းတက်နေတဲ့ တတိယနှစ် ဂုဏ်ထူးတန်းကျောင်းသူတစ်ယောက်ပါ။
အတန်းချိန်ပြီးတာနဲ့ ဒီကိုလာပြီး စာလာဖတ်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ စာကြည့်တိုက်ကို လာရတဲ့အကြောင်းက ကျောင်းစာတွေထက် ရသစာအုပ်တွေဖတ်ဖို့လာတာဖြစ်တယ်လို့ သူက ပြောပါတယ်။
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို လာသူတွေထဲမှာ စာကြည့်တိုက်အသင်းဝင်မဟုတ်ဘဲ ပြင်ပကနေ စာလာဖတ်သူတွေလည်းပါပါတယ်။ စာလာဖတ်ကြသူတွေထဲမှာ ရန်ကုန်တက္ကသိုလ်ထွက် အငြိမ်းစား ဆရာ ဆရာမတွေ၊ကျောင်းသား ဟောင်းတွေနဲ့ တခြားသော ပြင်ပလူပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။
စာကြည့်တိုက် အသင်းဝင်မဟုတ်ဘဲ သီးသန့်စာလာဖတ်သူတွေလည်းရှိပါတယ်။
ကိုသန့်ဇင်အောင်ဆိုတဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်ကတော့ သူသင်နေတဲ့ ဂျပန်စာကို သည်မှာ လာဖတ်တာလို့ပြောပါတယ်။
"ရန်ကုန်မှာက သီးသီးသန့်သန့်ဆန်ပြီးတော့ စာဖတ်လို့ရတဲ့ နေရာရှားတယ်လေ။ ကျွန်တော်တို့ တက္ကသိုလ်ကျတော့လည်း မြို့ပြင်မှာဆိုတော့ သွားရလာရ အဆင်မပြေဘူး။ ရပ်ကွက်စာကြည့်တိုက်တွေကလည်းများသောအားဖြင့် ပိတ်ထားတာများတာကိုး။ စာကြည့်တိုက်မှူးကလည်း သိပ်မရှိကြဘူးလေ"လို့ သူကပြောပါတယ်။
ကျောင်းတက်နေတဲ့ သူ့ရဲ့သူငယ်ချင်းတစ်ယောက်က လမ်းညွှန်လိုက်လို့ ဒီမှာစာလာဖတ်ရတာဖြစ်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အားနည်းတဲ့အရာတွေထဲမှာ စာကြည့်တိုက်တွေလည်း ပါဝင်တယ်လို့ ကိုသန့်ဇင်အောင်က ပြောပါတယ်။ ဒီရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဆိုတာလည်း ပြည်တွင်းက တက္ကသိုလ်တွေနဲ့ ယှဉ်တဲ့အခါမှာ အကောင်းဆုံးဖြစ်ပေမဲ့ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ယှဉ်ရင်အားနည်းနေသေးတယ်လို့ သူ့အမြင်ကို ဆက်ပြောပါတယ်။ ဘယ်လိုပဲဖြစ်စာလာဖတ်မယ်ဆိုရင်တော့ သည်ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်က အဆင်ပြေဆုံးပါလို့ သူက ညွန်းပါတယ်။
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ရဲ့ တိုးမြင့်ထားတဲ့ ဝန်ဆောင်မှုတွေထဲမှာ စာဖတ်ချိန်တွေလည်းပါပါတယ်။ ပုံမှန် ကျောင်းဖွင့်ကာလဖြစ်တဲ့ ဇွန်လမှ စက်တင်ဘာလ၊ ဒီဇင်ဘာလမှ မတ်လ အထိ မနက် ၉ နာရီကနေ ညနေ ၆ နာရီ အထိ (တနင်္လာကနေ စနေနေ့အထိ) ဖွင့်လှစ်ပေးနေပါတယ်။ ကျောင်းပိတ်ကာလဖြစ်တဲ့ အောက်တိုဘာလမှ နိုဝင်ဘာလ၊ ဧပြီလမှ မေလ လိုလတွေမှာတော့ ပုံမှန် မနက် ၉ နာရီ ၃၀ ကနေ ညနေ ၄ နာရီ ၃၀ အထိ (တနင်္လာကနေ သောကြာနေ့အထိ ) ဝန်ဆောင်မှုတွေပေးနေပါတယ်။
စာကြည့်တိုက် ဝန်ဆောင်မှုအတွက် အမြဲတမ်းဝန်ထမ်းတွေအပြင် တက္ကသိုလ် ကျောင်းသူ ကျောင်းသား စေတနာ့ ဝန်ထမ်းတွေကိုလည်း ထားရှိတာကိုတွေ့ခဲ့ရပါတယ်။ နာရီတစ်ရာပြည့်အောင် ဝန်ဆောင်မှုပေးတဲ့ စေတနာ့ ဝန်ထမ်းကျောင်းသား ကျောင်းသူတွေကို စာကြည့်တိုက်ကနေ အသိအမှတ်ပြုလက်မှတ်တစ်ခု ထုတ်ပေးပါတယ်။ အဲဒီ အသိအမှတ်ပြု လက်မှတ်ဟာ နိုင်ငံခြားပညာသင်ဆု လျှောက်ချင်သူတွေအတွက် အသုံးဝင်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။
"စာကြည့်တိုက်အချင်းချင်း စာပေ ပစ္စည်းခွဲဝေ သုံးစွဲမှု စနစ်" ကိုလည်း ကျင့်သုံးနေပြီး သည်စာကြည့်တိုက်မှာ မရှိတဲ့ အထောက်အထား အချက်အလက်တွေကို တခြားစာကြည့်တိုက်တွေကနေ ဆက်သွယ်ကူညီဆောင်ရွက်ပေးတာမျိုးနဲ့ ဝန်ဆောင်မှု ပေးနေပါတယ်။
"တတ်နိုင်တဲ့ ဘက်ပေါင်းစုံက ဝန်ဆောင်မှုပေးနေပါတယ်။ ဒီစာကြည့်တိုက်မှာ မရှိဘူးဆိုရင်လည်း ကျွန်မတို့ကို ပြောပါ။ ဖြည့်ဆည်းပေးဖို့ အဆင်သင့်ပါပဲ"လို့ စာကြည့်တိုက်မှူး ဒေါက်တာလှိုင်လှိုင်ကြီးက ပြောပါတယ်။
စာကြည့်တိုက်တစ်ခု ခေတ်မီဖို့ဆိုတာ စာအုပ်စာတမ်းတွေ ပြည့်စုံနေရုံနဲ့ မလုံလောက်ဘဲ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေလည်း လိုအပ်တယ်လို့ သူကပြောပါတယ်။ အနီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံမှာတောင် စာကြည့်တိုက်စနစ်တွေက အံ့သြစရာကောင်းလောက်အောင်ကို ခေတ်မီနေပြီလို့ သူ့ရဲ့ အတွေ့အကြုံကိုပြောပြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ ကြိုးစားနေဆဲပါပဲလို့ သူကဆက်ပြောပါတယ်။
တစ်ချိန်က အရှေ့တောင်အာရှမှာ နာမည်ကျော်ဖြစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ဟာ သူ့ရဲ့ ဂုဏ်သတင်းကိုပြန်ရဖို့အတွက် အစွမ်းကုန်ကြိုးပမ်းနေတာကိုတွေ့ခဲရပါတယ်။


















