၂၀၁၉ ခုနှစ်ကုန်တွင် မြန်မာနိုင်ငံလျှပ်စစ် မီးလိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ကို ဖြည့် ဆည်းပေးနိုင်မည်ဟု အစိုးရက ခန့်မှန်းထားပြီး နှောင်နှစ်နှစ်၊ သုံးနှစ်အတွင်း အပြည့်အဝရရှိ ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က မေ ၉ ရက်က ပြောကြားခဲ့သည်။
နှစ်ဆနီးပါးတက်
ဒေါ်အောင်ဆန်းစုကြည်သည် မကွေးတိုင်း ဒေသကြီးမကွေးမြို့သို့ မေ ၉ ရက်က သွား ရောက်ကာ ညနေပိုင်းတွင်ပြုလုပ်သည့် မကွေး မြို့လူထုတွေ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
"တိုးတက်မှု အများကြီးရှိတယ်လို့တော့ပြောပါရစေ။ အရင်နှစ်နှစ်လောက်တုန်းကဆိုရင် ရာခိုင်နှုန်း ၃၀ လောက်ပဲရှိတာကနေ အခု ရာခိုင်နှုန်း ၅၀ ဆိုတော့ နှစ်ဆနီးပါးတက်လာ တာဆိုတော့ အားရစရာဖြစ်ပါတယ်" ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြား ခဲ့သည်။
ကျေနပ်နေမည်မဟုတ်
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို နှစ်နှစ်ကျော် အတွင်း နှစ်ဆခန့်ဖြည့်ဆည်းပေးနိုင်သည့် တိုးတက်မှုမှာအားရစရာဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ၏လျှပ်စစ်မီးလိုအပ်ချက် ရာခိုင်နှုန်း ၁၀ဝ ရရှိရန် ဆောင်ရွက်ရမည်ဖြစ်၍ ယခုရရှိ သော ရာခိုင်နှုန်း ၅၀ ဖြင့် ကျေနပ်နေမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
ဖူးမြော်ကြည်ညို
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်သည် ခရီးစဉ်အတွင်း မင်းဘူး မြို့နယ်ရှိ မန်းရွှေစက်တော်သို့ သွားရောက်ခဲ့ပြီး အောက်စက်တော်ရာနှင့် အထက်စက်တော်ရာ တို့အား ဖူးမြော်ကြည်ညိုခဲ့သည်။ (အပေါ်ဝဲပုံ) ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်း၊ ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ရွှေသမင်မွေးမြူရေးခြံတို့သို့လည်း သွားရောက် ခဲ့ကြောင်း သိရသည်။
















