ထောင်ဆူပူမှု၌ ဖုန်းဖြင့်လူမှုကွန်ရက်လွှင့်သည့် အကျဉ်းသားနှင့်ထောင်ဝန်ထမ်းကိုတရားစွဲမည်

ထောင်ဆူပူမှု၌ ဖုန်းဖြင့်လူမှုကွန်ရက်လွှင့်သည့် အကျဉ်းသားနှင့်ထောင်ဝန်ထမ်းကိုတရားစွဲမည်

ရွှေဘိုထောင်ဆူပူမှုတွင် ဖုန်းဖြင့် လူမှုကွန်ရက်တွင်လွှင့်ခဲ့သည့် အကျဉ်းသားသုံးဦးနှင့် နှင့် ထောင်တွင်းသို့ ဖုန်းသွင်းပေးခဲ့သူ အကျဉ်းဝန်ထမ်းတို့ကို မေ ၁၃ ရက်နေ့တွင် အကျဉ်းထောင် အက်ဥပဒေ ပုဒ်မ ၄၂ ဖြင့် ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုတင်ပို့သွားမည်ဖြစ်ကြောင်း း ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ရွှေဘိုအကျဉ်းထောင်ဆူပူမှုမှတ်တမ်းအား လူမှုကွန်ရက်စာမျက်နှာပေါ်တွင် live ထုတ်လွှင့်ခဲ့ပြီး အဆိုပါထုတ်လွှင့် မှုတွင် ပြင်ပ၌ ပေါက်ဈေး ၆၀ဝ၀ဝ ခန့်ရှိ လက်ကိုင်ဖုန်းကိ်ု ထောင်ဝန်ထမ်းမှတစ်ဆင့် ငွေကျပ် ၅ သိန်းပေးဝယ်ခဲ့ရခြင်းဖြစ်သည်။

အကျဉ်းထောင်များတွင်ဖြစ်ပွားနေသည့်ဆူပူမှုများ၊ တောင်းဆိုသည့် အချက်အလက်များ တူညီနေကြောင်းနှင့် အဆိုပါ ဆူပူမှု ဖြစ်စဉ်များကို စုံစမ်းအရေးယူသွားမည်ဖြစ်ကြောင်း  နိုင်ငံတော် သမ္မတရုံးက မေ၉ရက်ညပိုင်း၌ကြေညာချက်ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ခဲ့ပြီးနောက် ဆူပူမှု ဖြစ်ပွားရာတွင်ပါဝင်ခဲ့ပြီး ထောင်တွင်း ဆူပူမှုများကို လူမှုကွန်ရက်တွင် တိုက်ရိုက် live လွှင့်ခဲ့သည့် ရွှေဘိုအကျဉ်းထောင် အိပ်ဆောင် ၃ မှ အကျဉ်းသား ကောင်းခန့်ကိုကို (ခ) ကြယ်စင်ထွန်း (ခ) ကောင်းခန့်သူ ထံမှ ဆင်းမ်ကတ်ပါ လက်ကိုင်ဖုန်းတစ်လုံးကို မေ ၉ ရက်တွင် သိမ်းဆည်းခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ live ထုတ်လွှင့်သူ အကျဉ်းသား အာကာဦး၊ မိုးနိုင်နှင့် လက်ကိုင်ဖုန်းရောင်းချသူ အကျဉ်းဝန်ထမ်းတပ်သား မိုးကျော်ဇင်အောင်တို့ကို မေ၁၀ ရက်နေ့တွင် စိစစ်ဖော်ထုတ်အရေးယူခဲ့သည်။

ဆူပူမှုဖြစ်ပွားခဲ့သည့် ရွှေဘိုအကျဉ်းထောင်တွင် သက်ဆိုင်ရာက ထိန်းသိမ်းစဉ် ပစ်ခတ်မိသဖြင့် အကျဉ်းသားလေးဦး သေဆုံးခဲ့သည်။

ရွှေဘိုထောင် နည်းတူ ဆူပူမှုဖြစ်ပွားခဲ့သည့် ထောင်များကိုလည်း ဆူပူမှုဖြစ်ပွားစေသည့် အကြောင်းရင်းများအား သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်လျက်ရှိသည်။

နိုင်ငံတော်သမ္မတ၏ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များကိုအကြောင် းပြု၍ ၈.၅.၂၀၁၉ရက်နေ့တွင်ကလေးအကျဉ်းထောင်နှင့် ဘားအံအကျဉ်းထောင်များတွင်လည်းကောင်း၊၉.၅.၂၀၁၉ရက်နေ့တွင် ရွှေဘိုအကျဉ်းထောင်၊မြစ်ကြီးနားအကျဉ်းထောင်၊ထားဝယ်အကျဉ်းထောင် ၊သာယာဝတီအကျဉ်းထောင်နှင့် ပုသိမ်အကျဉ်းထောင်များတွင်လည်းကောင်း အကျဉ်းသားများဆူပူမှူဖြစ်ပွားခဲ့သည်။

နိုင်ငံတော်သမ္မတလွတ်ငြိမ်းသက်သာခွင့်များကို ဧပြီ ၁၇ရက်တွင် ပထမအကြိမ်၊ ဧပြီ ၂၆ရက်တွင် ဒုတိယအကြိမ်နှင့် မေ ၇ရက်တွင် တတိယအကြိမ်မြောက်ပေးခဲ့ပြီး အကျဉ်းသား ၂၃၀ဝ၃ဦးလွတ်မြောက်ခဲ့သည်။