မရမ်းကုန်းမြို့နယ်တွင် ကျပ်သိန်း၂၅၆၄ သိန်းဖိုး ရတနာပစ္စည်းများခိုးယူခဲ့သူနှစ်ဦးကို သက်ဆိုင်ရာက ယခုမေလအတွင်းဖမ်းဆီးနိုင်ခဲ့ပြီး အမှု၌ပါဝင်တိမ်းရှောင်နေသူတစ်ဦးကို ဆက်လက်စုံစမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဧပြီ ၂၄ ရက်တွင် မရမ်းကုန်းမြို့နယ်ရှိ နေအိမ်ခြံဝင်းတစ်ခု၏ အိပ်ခန်းအတွင်းမှ လက်ဝတ်ရတနာမျိုးစုံ(၂၆)မျိုး၊ မြေဂရမ်တစ်ခု၊ မော်တော်ယာဉ်မှတ်ပုံတင် သက်သေ ခံစာအုပ် တစ်အုပ်၊ ထိုင်းဘတ်ငွေ(၃၀ဝ၀ဝ)၊ ထိုင်ဝမ်ဒေါ်လာ(၅၀ဝ၀)၊ တရုတ်ယွမ်(၂၅၀ဝ)နှင့် အမေရိကန် ဒေါ်လာ(၃၀ဝ)ထည့်ထားသည့် မီးခံသေတ္တာတစ်လုံး၊စုစုပေါင်းတန်ဖိုးငွေကျပ် ၂၅၆၄ သိန်းဖိုးခန့်ခိုးယူခံခဲ့ရခြင်းဖြစ်သည်။
အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များ၏ စုံစမ်းချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ဒဂုံမြို့သစ်မြောက်ပိုင်း(ခေတ္တ)နေ အောင်မြင့်သန်း(ခ) တောသားကြီး(ခ) အောင်ဝင်း ကို မေ ၅ ရက်၌ ကွန်ဟိန်းမြို့ တာကော်လုံခြုံရေး ဂိတ်တွင် ဖမ်းဆီးရမိခဲ့ကာ မေ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ လွှဲပြောင်းခဲ့သည်။
အောင်မြင့်သန်း(ခ)တောသားကြီး(ခ)အောင်ဝင်း ကို ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ဧပြီ၁၈ ရက် နံနက် အချိန်တွင် ၎င်း၏ သူငယ်ချင်းများဖြစ်သည့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ မွှေးနီ(ခ)အောင်နိုင်ဝင်း(စိစစ်ဆဲ) ၊ သန်းမြတ်စိုး (စိစစ်ဆဲ)တို့နှင့်အတူအခင်းဖြစ်နေအိမ်နောက်ဖေးတံခါးပေါက်မှ တစ်ဆင့် ဝင်ရောက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့နောက် ၎င်းတို့သည် အိပ်ခန်းအတွင်း တွေ့ရှိသည့် မီးခံသေတ္တာတစ်လုံးနှင့်ကားသော့ကို တွေ့ရှိယူဆောင်ခဲ့ကြောင်း၊ အဆိုပါ ကားသော့ဖြင့် သန်းမြတ်စိုးက နေအိမ်ရှေ့တွင်ရပ်ထားသည့် Harrier အမျိုးအစား ကားပေါ်သို့ မီးခံသေတ္တာကို တင်ဆောင် မောင်းနှင်ခဲ့ကြောင်း သက်ဆိုင်ရာထံ၌ ထွက်ဆိုခဲ့သည်။
ယင်းနောက် (၉)မိုင်တွင် ကားတစ်စီးဖြင့် အသင့်စောင့်နေသော ၄င်း(အောင်မြင့်သန်း(ခ)တောသားကြီး(ခ)အောင်ဝင်း )၏ ကားပေါ်သို့ မီးခံသေတ္တာကို ပြောင်းရွှေ့ တင်ဆောင်ပြီး မောင်းနှင်ယူလာသည့် ကားကို အခင်းဖြစ်နေအိမ်သို့ ပြန်ပို့ခဲ့ကြောင်း မီးခံသေတ္တာ အတွင်းပါရှိသည့် ရွှေထည်ပစ္စည်းများကို သုံးပုံခွဲ၍ ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
သက်ဆိုင်ရာက အမှုတွင်ပါဝင်သူ မြောက်ဥက္ကလာပမြို့နယ်နေ သန်းမြတ်စိုး(ခ) စိုးလေးကို မေ ၉ ရက်တွင် ဆက်လက်ဖမ်းဆီးခဲ့ပြီး အမှုမှ ခွဲဝေယူခဲ့သည့် ပစ္စည်းများကို သိမ်းဆည်းကာ တိမ်းရှောင်နေသူ အောင်နိုင်ဝင်း(ခ) မွှေးနီကို ဖမ်းဆီးရမိရန် စုံစမ်းလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

















