တာချီလိတ်မြို့နယ်ရှိ ရပ်ကွက်များတွင် တရားမဝင်ဝင်ရောက်နေထိုင်ကာ အွန်လိုင်းလောင်းကစားဂိမ်းများပြုလုပ်နေသူ တရုတ်နိုင်ငံသားတစ်ရာကျော်ကို စိတ်ကြွဆေးများ၊ လောင်းကစားပြုလုပ်ရာတွင် အသုံးပြု သည့် လက်ကိုင်ဖုန်းများ၊သေနတ်သုံးလက်နှင့်အတူ သက်ဆိုင်ရာက မေ ၁၃ ရက်၌ ဖမ်းဆီးရမိခဲ့သည်။
သက်ဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များသည် ဝိန်းကျောက် ရပ်ကွက်နှင့် ရန်အောင်မြေရပ်ကွက်တို့၌ တရုတ်နိုင်ငံသားများတရားမဝင် ဝင်ရောက်နေထိုင် ကာ အွန်လိုင်းလောင်းကစားဂိမ်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းအရ အဖွဲ့သုံးဖွဲ့ခွဲကာ အဆိုပါနေ့ နံနက် ၁၀ နာရီခွဲတွင် ဝင်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ ရှာဖွေဖမ်းဆီးရာတွင် ဝိန်းကျောက်ရပ်ကွက်ရှိ လပ်ကီးမိုတယ်တွင် တရုတ်နိုင်ငံသား (၇၅)ဦးနှင့် အမျိုးသမီးလေးဦးကို အွန်လိုင်းလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းအမျိုးအစားစုံ ၁၆၄ လုံး၊ လက်ပ်တော့ငါး လုံး၊ စကားပြောစက်ငါးလုံးတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်းမှလည်း တရုတ်နိုင်ငံသား ၃၈ ဦး၊ အမျိုးသမီးတစ်ဦး၊ မြန်မာနိုင်ငံသား ၁၀ ဦးတို့ကို လက်ကိုင်ဖုန်းအမျိုးအစားစုံ ၁၈၄ လုံး၊ လက်ပ်တော့ ၁၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အလားတူ ဝိန်းကျောက်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်းမှ တရုတ်နိုင်ငံသား ၆၅ ဦး၊ အမျိုးသမီးငါးဦးတို့ကို M-22 ရိုင်ဖယ်သေနတ်သုံးလက်၊ ကျည်သေတ္တာ ၁၁ ခု၊ ကျည် ၃၂၅ တောင့်၊ လက်ကိုင်ဖုန်းအမျိုးအစားစုံ အလုံး ၂၀ဝ ခန့်၊ စကားပြောစက်နှစ်လုံး၊ ကျည်ကာအင်္ကျီ သုံးထည်၊ စိတ်ကြွဆေးပြား ၂၅ ပြားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသားများကို တရားမဝင် ဝင်ရောက်နေထိုင်မှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာက စိစစ်ဆောင်ရွက်လျက်ရှိပြီး ၄င်းတို့ကို ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက် ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

















