ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ အရပ်သား ၂၇၅ ဦးကို ဖမ်းဆီးထားရာ အေအေနှင့်ဆက်နွှယ်သူ ကိုးဦးကို အရေးယူကာ ကျန်အရပ်သားများကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက မေ ၁၃ ရက်က သတင်းထုတ်ပြန်သည်။
တပ်မတော်သည် လွန်ခဲ့သည့် ဧပြီ ၃၀ ရက်က ကျောက်တန်းကျေးရွာ အနီး အေအေနှင့်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် အေအေအဖွဲ့ဝင်များနှင့်ဆက် နွှယ်သည်ဆိုသော သံသယဖြင့်အရပ်သား ၂၇၅ ဦးကို ခေတ္တထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မေ ၁ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခံရသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ သေနတ်ဒဏ်ရာဖြင့် အရပ်သားခြောက်ဦးသေဆုံး၍ ရှစ်ဦးဒဏ်ရာရရှိကာ လေးဦးပျောက်ဆုံးခဲ့ကြောင်း သိရသည်။
တပ်မတော်က ဖမ်းဆီးခံထားရသူများအား အေအေအဖွဲ့နှင့် ဆက်နွှယ်မှုရှိ မရှိ အသေးစိတ် စိစစ်မှုများပြုလုပ်ပြီးနောက် အေအေ နှင့်ဆက်နွှယ်မှုရှိသည့် အရပ်သားကိုးဦးကို ဆက်လက်ဖမ်းဆီးကာ ၎င်းတို့အား ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ သည်။ ထို့အပြင် အေအေနှင့် ဆက်နွှယ်မှုမရှိသည့် အရပ်သားများ ကိုလည်း ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
















