ရဲတပ်ဖွဲ့မှူးများ သိက္ခာရှိရှိ မှန်မှန်ကန်ကန် ရပ်တည်ရန် ရဲချုပ်ပြော

ရဲတပ်ဖွဲ့မှူးများ သိက္ခာရှိရှိ မှန်မှန်ကန်ကန် ရပ်တည်ရန် ရဲချုပ်ပြော

နေပြည်တော်၊တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့မှူးများအနေဖြင့် မိမိတို့၏ တပ်ဖွဲ့ကို ဦးဆောင်ကာ သိက္ခာရှိရှိ မှန်မှန်ကန်ကန် ရပ်တည်၍ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်များနှင့် ထိန်းညှိဆောင်ရွက်သွားရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက ပြောကြားသည်။

မေ ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အစည်းအဝေးခန်းမ(၁)၌ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူးများအား တွေ့ဆုံ၍လမ်းညွှန်အမှာစကားပြောကြားခဲ့ခြင်း ဖြစ်သည်။

ရဲချုပ်က အမှာစကားပြောကြားရာတွင် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြတ်သားစွာဆုံးဖြတ် ဆောင်ရွက်ရန် ထည့်သွင်းပြောကြားသည်။

ဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးများကို ပျက်ပြားစေမည့် အဖျက်အမှောင့်သမားများ၏ သတင်းအား ကြိုတင်လက်ဦးမှုရရှိရေး စီမံ ဆောင်ရွက်ထားရန် မှာကြားသည်။

မူးယစ်ဆေးဝါးများ သိုလှောင်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် စုံစမ်းရှာဖွေဖမ်းဆီးခြင်းလုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားရေးကိုလည်း ၎င်းကပြောသည်။

လက်အောက်တပ်ဖွဲ့ဝင်များ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ် မဖြစ်ပွားစေရေး အတွက် တာဝန်ရှိသူအဆင့်ဆင့်မှ စဉ်ဆက်မပြတ် ကြပ်မတ်ကွပ်ကဲသွားရန်နှင့် တပ်ဖွဲ့ဝင်များ၏ ပြောင်းရွှေ့ခြင်း၊ သင်တန်းတက်ရောက်ခြင်းတို့ကို စနစ်တကျဖြင့် မျှတစွာ ဆောင်ရွက်ပေးနေကြောင်း ဆိုသည်။

အရာရှိ/အခြား အဆင့်တပ်ဖွဲ့ဝင်များအားလုံးသည် ကောင်းမွန်သည့် အစဉ်အလာများကို ဆက်လက်ထိန်းသိမ်း ထားပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်ရန်နှင့် မိမိတို့၏ဆောင်ရွက်ချက်များအပေါ် တာဝန်ယူမှု တာဝန်ခံမှု စိတ်ဓာတ်ဖြင့် ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ဒုတိယရဲချုပ်(၁)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အရာရှိကြီးများ၊ သီးခြားရဲတပ်ဖွဲ့မှူးများ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့မှူးများနှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး