မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်သော့ကိုင်က ငွေတိုက်ထဲမှသိန်းလေးထောင်အလွဲသုံးစားလုပ်

မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်သော့ကိုင်က ငွေတိုက်ထဲမှသိန်းလေးထောင်အလွဲသုံးစားလုပ်

ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်ထဲမှကျပ်သိန်းလေးထောင်ကို ငွေတိုက်သော့ကိုင်က အလွဲသုံစားပြုလုပ်မှု  မေ ၁၄ ရက်ကဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မေ ၁၄ ရက် နံနက်၈နာရီခွဲ၌ မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်မှ ငွေထုတ်ယူရန် ဆောင်ရွက်စဉ် ငွေတိုက်သော့ကိုင်တစ်ဦးဖြစ်သူ ကျော်မိုးဝင်းမှာ ရောက်မလာသဖြင့် ဘဏ်မှတာဝန်ရှိသူတို့က ၎င်း၏နေအိမ်သို့ သွားရောက်ခေါ်ဆောင်ခဲ့သည်။

သွားရောက်ခေါ်ဆောင်စဉ် ၎င်းအားနေအိမ်၌မတွေ့ရှိဘဲ အိပ်ခန်းအတွင်းရှိ အိပ်ယာပေါ်မှ ငွေတိုက်သော့အား တွေ့ရှိခဲ့ကြောင်း၊ ယင်းနောက် မသင်္ကာသဖြင့် ဘဏ်ငွေတိုက်အား ဖွင့်၍စစ်ဆေးရာ ငွေကျပ် ၄၀ဝ၀ သိန်း ပျောက်ဆုံးနေကြောင်း စိစစ်တွေ့ရှိရ၍ အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါနေ့ ည၇နာရီခွဲတွင် မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာ ဒေါ်ရှင်မြင့်ထွေး(၄၀)နှစ်က ကျိုက်ထိုမြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ပြီး ကျိုက်ထိုမြို့မရဲစခန်းက(ပ)၂၃၅၁/ ၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၄၀၉(ပြည်သူ့ဝန်ထမ်းအား ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု)ဖြင့် မြန်မာ့စီးပွားရေးဘဏ်(ကျိုက်ထို)မှ ငွေကိုင်(၃) ကျော်မိုးဝင်း(၄၄)နှစ်အား အမှုဖွင့်စုံစမ်းလျက်ရှိသည်။