လွန်ခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့၊ ကမ်းနားလမ်းညဈေးတန်း စားသောက်ဆိုင်တစ်ဆိုင်မှာ ထိုင်နေတုန်း ကိုကျော်မျိုးလွင်တစ်ယောက် ရုတ်တရက်အလေးသွားချင်စိတ် ဖြစ်ပေါ်လာလို့ ဆိုင်နဲ့အနီးဆုံးအများသုံးသန့်စင်ခန်း တစ်ခုကို အပြေးအလွှားသွားရောက်ခဲ့ပါတယ်။
လွတ်နေတဲ့ အခန်းတစ်ခန်းကို အလျင်အမြန်ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် မနှစ်မြို့စရာ မြင်ကွင်းတစ်ခုက ဆီးကြိုနေပါတယ်။
ကိစ္စပြီးသွားပေမဲ့ ရေဆွဲမချထားတဲ့ မြင်ကွင်းတစ်ခု။ အိမ်သာခွက်ထဲမှာ ကွမ်းသွေး၊ ဆေးလိပ်စတွေကလည်း အပြည့်။ မသသီစရာ မြင်ကွင်းကြောင့် ပြို ့ခနဲ့တက်လာတဲ့ အန်ချင်စိတ်ကို မနည်းထိန်းရင်း၊ ရေကိုဆွဲချပြီးမှ သူ့ကိစ္စ ဖြေရှင်းလိုက်ရတယ်လို့ သူကြုံခဲ့ရတဲ့ အဖြစ်ဆိုးကို ကိုကျော်မျိုးလွင်က ပြန်ပြောပြပါတယ်။
"အခပေးအိမ်သာအများစုက အပေါက်ဝရောက်တာနဲ့ အထဲကသေးနံ့၊ မစင်နံ့ကိုထောင်းခနဲရတာ။ ပေးတဲ့ပိုက်ဆံနဲ့ တန်တဲ့ ဝန်ဆောင်မှုကို မရတာများပါတယ်။ အခမဲ့တက်ရတဲ့ စူပါမားကက်တွေက သန့်ရှင်းတဲ့အများသုံး အိမ်သာတွေကို သူတို့ (အများသုံးသန့်စင်ခန်းလုပ်ငန်းလုပ်ကိုင်သူများ) အတုယူစေချင်တယ်"လို့ သူက ပြောပါတယ်။
မစင်တွေဆိုရင်သူတို့ စည်းကမ်းမဲ့လုပ်တာပဲလား။ မအောင့်နိုင်လို့ ထွက်ကျတာ ပဲလားမသိဘူး။ ယောကျာ်းရော၊ မိန်းမရော မစင်တွေတင်လို့ သွားဆေးရတယ် . . .
အခပေး သန့်စင်ခန်းတွေ သန့်ရှင်းသပ်ရပ်မှု ရှိ၊ မရှိ မြန်မာတိုင်း(မ်)က လူအယောက်၂၀ ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က မေးမြန်းကြည့်တဲ့အခါမှာ ညစ်ပတ်တယ်လို့ အများစုက ဖြေဆိုပါတယ်။ ၁၆ ဦးက သန့်စင်ခန်းတွေဟာ ညစ်ပတ်ပြီး အနံ့အသက်မကောင်းဘူးလို့ဖြေပါတယ်။ ကျန်လေးဦးအနက် တစ်ဦးက အသင့်အတင့်သန့်ရှင်းကြောင်းနဲ့ တစ်ဦးက တော့ ပန်းခြံတွေက အများသုံးသန့်စင်ခန်းတွေဟာသန့်ရှင်းတယ်လို့ ဖြေဆိုပါတယ်။
"အိမ်သာအများစုတွေက ကျန်းမာရေးနဲ့မညီတာကိုလည်းတွေ့ရတယ်။ နိုင်ငံတကာက ဘယ်သူပဲလာလာကိုယ့်ဘာသာ ကိုယ်ပဲသွားသွား အိမ်သာတက်လိုက်တဲ့အခါ စိတ်မညစ်ရအောင်၊ စိတ်အနှောင့်အယှက် မဖြစ်ဘဲသွားနိုင်တဲ့အဆင့် ရှိရမယ်။ ဒါကလူနေမှုအဆင့်အတန်းမြင့်တဲ့အချက်ပဲ ဖြစ်တယ်"လို့ ဒေါက်တာခင်မောင်လွင်က မှတ်ချက်ပြုပါတယ်။ သူဟာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစားဝန်ထမ်း တစ်ဦးဖြစ်ပါတယ်။
ဒီလိုသန့်ရှင်းမှု အားနည်းတဲ့အတွက်ကြောင့် မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေကို ခရီးသွားလုပ်ငန်းတွေနဲ့ ခရီးသွားကဏ္ဍစာရေးသူ Blogger တွေ သတိပေးတဲ့ အချက်တစ်ခုရှိပါတယ်။ မြန်မာနိုင်ငံက အများသုံး သန့်စင်ခန်းတွေဟာ သန့်ရှင်းမှုအားနည်းတဲ့အတွက် အသုံးပြုမယ်ဆိုရင် တစ်ရှူး၊ စက္ကူတွေ ဆောင်ထားဖို့ပါပဲ။
ခရီးသွားကုမ္ပဏီတွေကတော့Package Tour နဲ့ လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားတွေ အလေးအပေါ့သွားချင်လာရင် ဘယ်တော့မှ အခပေးအများသုံးသန့်စင်ခန်းတွေကို ခေါ်သွားလေ့ မရှိဘူးလို့ ဆိုပါတယ်။
"ရန်ကုန်မှာဆို အများသုံးသန့်စင်ခန်းတွေက ညစ်ပတ်တာများတော့ ဧည့်သည်တွေသွားချင်ရင် Shopping Centre (ဈေးဝယ်ကုန်တိုက်)တို့၊ ဘာတို့ ပို့တာများတယ်။ အိမ်သာဝင်ဖို့ ပိုက်ဆံပေးရတယ်ဆိုပေမဲ့ အထဲမှာ တစ်ရှူးမရှိမှာစိုးလို့ ဧည့်သည်ကို Wet Tissue (စိုစွတ်သော တစ်ရှူး)ထည့်ပေးလိုက်တယ်"လို့ အင်္ဂလိပ် စကားပြန် ဧည့်လမ်းညွှန်တစ်ဦးဖြစ်တဲ့ မထက်လွင်လွင် အောင် က ပြောပါတယ်။
အခုနှစ်တွေမှာ ဈေးဝယ်ကုန်တိုက်၊ ဟိုတယ်၊ စားသောက်ဆိုင်တွေ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးများပြားလာတာက နိုင်ငံခြား သား ခရီးသွားဧည့်သည်တွေ ကြုံတွေ့ရလေ့ရှိတဲ့ အများသုံးသန့်စင်ခန်းပြဿနာကို တစ်ဘက် တစ်လမ်းက ဖြေရှင်း ပေးတယ်လို့ ခရီးသွားလုပ်ငန်းနဲ့ ဧည့်လမ်းညွှန်တွေက ဆိုပါတယ်။
ဒါပေမဲ့ ရန်ကုန်က အများသုံးသန့်စင်ခန်းတွေ သန့်ရှင်းမှု မရှိတာကိုတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွား (Free Independent Traveller-FIT) တွေက ကောင်းကောင်းကြီး သိရှိနေပါတယ်။
FITခရီးသွားဧည့်သည် ၁၀ ဦးကို ရန်ကုန်က အများသုံးသန့်စင်ခန်းသန့်ရှင်းမှုအပေါ် သူတို့ရဲ့အမြင်ကို မြန်မာတိုင်း(မ်)က မေးမြန်းကြည့်တဲ့အခါမှာတော့ ခုနစ်ဦးက "အများသုံးသန့်စင်ခန်းတွေ မသန့်ရှင်းတာကို သိနေလို့ ဈေးဝယ်ကုန်တိုက်နဲ့ စားသောက်ဆိုင်တွေကိုပဲ သွားလေ့ရှိတယ်"လို့ ဖြေဆိုကြပါတယ်။ ကျန်သုံးဦးကတော့အများသုံး သန့်စင်ခန်းတွေကို အသုံးပြုဖူးကြောင်း၊ ညစ်ပတ်နေတဲ့အပြင် အနံ့အသက်မကောင်းဘူးလို့ ဖြေပါတယ်။
"FIT ခရီးသည်တွေနဲ့ အများပြည်သူတွေသုံးနေတဲ့ အများသုံးသန့်စင်ခန်းတွေက ဒီလိုအရည်အသွေးမျိုး အမြဲတမ်း ဖြစ်နေမှာလား။ ဘယ်သူက အဓိကတာဝန် ရှိနေတာလဲ။ တာဝန်ရှိတဲ့အဖွဲ့အစည်း ဌာနတွေအနေနဲ့ ဒါ (အများသုံး သန့်စင်ခန်း သန့်ရှင်းသပ်ရပ်ရေး) ကိုနိုင်ငံတော် ပရောဂျက်တစ်ခုလိုမျိုးလုပ်စေချင်ပါတယ်"လို့Nature Dream Travels & Tours တည်ထောင်သူ ဒေါ်စပယ်အောင်က တိုက်တွန်းပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေမလုပ်ဘဲ အများသုံးသန့်စင်ခန်းတွေ ညစ်ပတ်မြဲ ညစ်ပတ်နေမယ်ဆိုရင် သန့်ရှင်းသပ်ရပ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံပုံရိပ်လည်း လှနိုင်မှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။
အများသုံးသန့်စင်ခန်းတွေ မသန့်ရှင်းရခြင်းဟာသန့်စင်ခန်းလုပ်ငန်းလုပ်ကိုင်သူတွေက သန့်ရှင်းရေးကောင်းကောင်း မလုပ်လို့ ဖြစ်ရတဲ့အပြင် အသုံးပြုသူတွေရဲ့စည်းကမ်းမဲ့ အပြုအမူတွေကြောင့်လည်း အများသုံးသန့်စင်ခန်းတွေ ညစ်ပတ်ရတာလို့ ဒီကိစ္စကို ကွင်းဆင်းလေ့လာဖူးတဲ့ ဒေါက်တာခင်မောင်လွင်က ဆိုပါတယ်။
ကိုကျော်မျိုးလွင်ကတော့ ကိစ္စပြီးရင် လက်ဆေးဖို့ ဆပ်ပြာ၊ ရေ စတာတွေ မရှိခြင်းက အများသုံး သန့်စင်ခန်း တွေရဲ့ သန့်ရှင်းရေး အားနည်းချက်လို့ ဆိုပါတယ်။ လိုအပ်တဲ့ သန့်စင်ခန်းအသုံးအဆောင်ပစ္စည်းတွေကို အလုံအလောက် ပြန်လည်ဝယ်ယူဖြည့်တင်းတာမျိုး မလုပ်လို့ သန့်စင်ခန်းတွေဟာ အစပိုင်းမှာ သန့်ရှင်းပေမဲ့အချိန်ကြာလာတာနဲ့ ညစ်ပတ်လာတယ်လို့ သူကဆိုပါတယ်။
ရန်ကုန်မြို့က အများသုံးသန့်စင်ခန်းတွေဟာ မြို့တော်စည်ပင်က တင်ဒါခေါ်ယူပြီး တင်ဒါအောင်သူကို လုပ်ကိုင်ခွင့်ပေးတဲ့ ကန်ထရိုက်လုပ်ငန်းဖြစ်ပါတယ်။ ရန်ကုန်မြို့က အခပေးအများသုံးသန့်စင်ခန်းတွေကို မြို့တော်စည်ပင်သာ ယာရေး ကော်မတီရဲ့ စီမံခန့်ခွဲမှုနဲ့ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်မှာ လုပ်ငန်းရှင်တွေကိုB.O.T စနစ်နဲ့ စတင်လုပ်ကိုင် စေခဲ့ပါတယ်။ ဒီစနစ် သက်တမ်းကုန်တဲ့အခါ တင်ဒါခေါ်ပြီး စိတ်ဝင်စားသူတွေကို ဆက်လက် လုပ်ကိုင်စေခဲ့ ပါတယ်။
B.O.T စနစ်နဲ့ လုပ်ကိုင်တဲ့ သန့်စင်ခန်းဆိုတာဟာ လုပ်ငန်းရှင်ကသန့်စင်ခန်းတွေကို ငွေကြေးအကုန်ကျခံ တည်ဆောက်၊ အချိန်အတိုင်းအတာ တစ်ခုအထိလည်ပတ်ပြီး အစိုးရကို ပြန်လည်လွှဲပြောင်းပေးရတဲ့ စနစ်မျိုး ဖြစ်ပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းက ခရိုင်လေးခုမှာ လုပ်ငန်းရှင်ရှစ်ဦးက အခပေး သန့်စင်ခန်း ၂၇ ခု ကန်ထရိုက်စနစ်နဲ့ လုပ်ကိုင်နေပါတယ်။
သန့်စင်ခန်း သန့်ရှင်းရေးနဲ့ပတ်သက်ပြီး စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက တင်ဒါအောင်လုပ်ငန်းရှင်တွေ လိုက်နာဖို့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ထားပါတယ်။
စည်းကမ်းချက်တွေမှာ သန့်စင်ခန်းတွေဟာ သန့်ရှင်းသပ်ရပ်ပြီး မိလ္လာကန်မပြည့်လျှံဖို့နဲ့ အနံ့အသက်မဆိုးဝါးဖို့ လုပ်ငန်းရှင်က တာဝန်ယူရ မယ်ဆိုတဲ့အချက် ပါရှိပါတယ်။ လိုအပ်တဲ့ သန့်စင်ခန်းသုံး ပစ္စည်းတွေကို ဝယ်ယူဖြည့် တင်းဖို့နဲ့ ပျက်စီးသွားရင် ပြန်လည်ပြုပြင်ဖို့လိုအပ်ပါတယ်။ ဒီစည်းကမ်းချက်တွေနဲ့ ညီ၊ မညီ တာဝန်ရှိသူတွေက လစဉ်စစ်ဆေးလေ့ရှိပါတယ်။
စစ်ဆေးနေတုန်း သန့်စင်ခန်းအတွင်း အသုံးအဆောင်ပစ္စည်းတွေ ပျက်စီးနေရင် ပြင်ဆင်ဖို့ ညွှန်ကြားပြီးရက်သတ္တပတ်၊ ၁၀ ရက်အတွင်း ပြန်လည်စစ်ဆေးလေ့ရှိပါတယ်။
"ကျွန်မတို့အနေနဲ့ တစ်လကို တစ်ကြိမ်ပဲစစ်နိုင်တယ်။ ပျက်စီးမှုအခြေအနေနဲ့ ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုကျွန်မတို့က ပြန်စစ်ရတယ်။ တွေ့ရှိမှု၊ ပြန်လည်ပြီးစီးမှုတွေကို နယ်မြေတွေကနေပြီးတော့ ရုံးချုပ်ကို ပြန်လည်တင်ပြတယ်"လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်ရေးဌာန၊ လက်ထောက်ဌာနမှူး ဒေါ်နန်းတင်ယုဆွေက ပြောပါတယ်။
အပျက်အစီးတွေ ပြန်လည်ပြင်ဆင်ဖို့ ညွှန်ကြားချက်ကို မလိုက်နာရင် ခံဝန်ကတိရေးထိုးခိုင်းပြီး လုပ်ငန်းရှင်ကိုပါ စည်ပင်က သတိပေးပါတယ်။ သုံးကြိမ်တိုင်သတိပေးမှုကို မလိုက်နာရင်တော့ စည်ပင်ဗဟိုကော်မတီကို တင်ပြပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ကို ပြန်လည်ရုတ်သိမ်းတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
"B.O.T သန့်စင်ခန်းအဟောင်းတွေကိုပဲ လုပ်ငန်းရှင်တွေကဆက်လုပ်ရတာဖြစ်လို့ သန့်စင်ခန်းက ဟောင်းနွမ်း ပေမဲ့ သန့်ရှင်းဖို့တော့လိုတယ်"လို့ သူက ပြောပါတယ်။
၂၀၁၈ အတွင်း စည်းကမ်းချက်တွေကို မလိုက်နာလို့ လသာနဲ့သင်္ဃန်းကျွန်းမြို့နယ်တွေက အခပေးသန့်စင်ခန်း နှစ်ခုကို လုပ်ငန်းလုပ်ကိုင်ခွင့် ရုပ်သိမ်းတဲ့အထိ အရေးယူခဲ့ပါတယ်။
ဒါ့ပြင် သန့်ရှင်းသပ်ရပ်မှု အားနည်းပြီး အနံ့အသက်ဆိုးရွားတဲ့အတွက်ကြောင့် (အပေါ့စွန့်ဖို့သာ အသုံးပြုလို့ရတဲ့)အခပေး ရွေ့လျား သန့်စင်ခန်းလေးခုကိုတော့ ဒီနှစ် ဧပြီ ၁ ရက် လုပ်ငန်းသက်တမ်းကုန်ဆုံးချိန်မှာ မြို့တော်စည်ပင်က ထပ်မံ လုပ်ကိုင်ခွင့်မပြုတော့ပါဘူး။
"သန့်စင်ခန်းဆိုတာကလည်း တခြားလုပ်ငန်းတွေလို လုပ်ချင်တဲ့သူကနည်းပါတယ်။ နည်းတဲ့အတွက် ကျွန်မတို့မှာလည်း တင်ဒါခေါ်တိုင်း အဆင်ပြေတာမဟုတ်ဘူး"လို့ ဒေါ်နန်းတင်ယုဆွေက ပြောပါတယ်။
အိမ်တွေမှာရှိတဲ့ သန့်စင်ခန်းတွေသာမက အခပေးအများသုံး သန့်စင်ခန်းတွေကလည်း လူနေရပ်ကွက်တွေနဲ့ နီးနီးကပ်ကပ် ရှိနေတာကြောင့် ဒီသန့်စင်ခန်းတွေရဲ့ သန့်ရှင်းသပ်ရပ်မှုနဲ့ အညစ်အကြေးတွေကို စနစ်တကျ စွန့်ပစ်မှုက အနီးပတ်ဝန်းကျင်က လူတွေရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုရှိနေပါတယ်။
ဒါ့ကြောင့် သန့်ရှင်းပြီးစနစ်ကျတဲ့အိမ်သာဖြစ်ဖို့ လူတွေစွန့်ပစ်တဲ့မစင်ဟာ မြေပေါ်ရေ၊ မြေ အောက်ရေကို ညစ်ညမ်းမှု မရှိဖို့ လိုအပ်သလို မစင်တွေကို ကျင်းနဲ့ စနစ်တကျ သိုလှောင်ဖုံးအုပ်တဲ့ အိမ်သာမျိုး ဖြစ်ရမယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။
ဒီလိုဖုံးအုပ်မှသာ ယင်ကောင်နဲ့ ရောဂါပိုးသယ်ဆောင်တဲ့ ပိုးမွှားတွေ ထိစပ်ခြင်းကနေကာကွယ်ပေးမှာပါ။ ဒါ့ပြင် သန့်စင်ခန်းတွေ ယင်လုံနေရုံနဲ့ မပြီးသေးပါဘူး။ ကိစ္စရှင်းလင်းတဲ့အခါ အသုံးပြုတဲ့ တုတ်၊ စက္ကူနဲ့ ရေတွေကိုလည်း ယင်ကောင်တွေနဲ့ ထိတွေ့မှုမရှိအောင် လုံလုံခြုံခြုံ၊စနစ်တကျ စွန့်ပစ်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယင်ကောင်နဲ့ ပိုးမွှားတွေထိစပ်မှုကို မကာကွယ်နိုင်ရင် ယင်ကောင်ကတစ်ဆင့် လူတွေစားသုံးတဲ့ အစားအစာတွေမှာ ဒီပိုးမွှားတွေ ပျံ့နှံ့ပြီး စားမိတဲ့လူတွေကို ဒုက္ခပေးလို့ပါပဲ။
ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)ရဲ့ သုတေသန တွေ့ရှိချက်တွေအရ လူတွေရဲ့မစင် တစ်ဂရမ်မှာ ဗိုင်းရပ်စ် ၁၀ သန်းနဲ့ ဘက်တီးရီးယား တစ်သန်းအထိ အများဆုံး ပါဝင်ပါတယ်။ ဒီဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေဟာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေကို ဖြစ်ပွားစေပါတယ်။
ဒါ့ပြင် မစင်မှာပါဝင်တဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားတွေကို ပိုးမွှားသယ်ဆောင်တဲ့ ယင်တွေကတစ်ဆင့် (ယင်နားစာ စားမိ၍) လူတွေဆီကို ကူးစက်ခဲ့မယ်ဆိုရင် ဝမ်းကိုက်၊ အူရောင်ငန်းဖျား၊ အသည်းရောင် အသားဝါ၊ ကာလဝမ်းကိုက်၊ ပိုလီယိုအကြောသေ စတဲ့ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ တုတ်ကောင်၊ သန်ကောင်တွေ ကိုလည်း လူ့ခန္ဓာကိုယ်မှာ ပေါက်ဖွားစေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။
"လူတွေရဲ့ မစင်အညစ်အကြေးတွေဟာ ရေထဲကနေကျပြီးတော့တစ်ဆင့် လူတွေရဲ့လက်ကို ရောက်နိုင်တယ်။ လူတွေရဲ့ အစာကိုရောက်နိုင်မယ်။ နောက်လူတွေစားတဲ့ အစာထဲမှာပါနိုင်တယ်။ အဲဒီသုံးချက်က ပတ်ဝန်းကျင်မှာ သတိထားရမယ့် အရေးကြီးဆုံးအချက်တွေဖြစ်ပါတယ်"လို့ ဒေါက်တာခင်မောင်လွင်က ဆိုပါတယ်။
လူတစ်ယောက် ပေါ့ပေါ့ပါးပါး၊ လွတ်လွတ်လပ်လပ် အသုံးပြုနိုင်တဲ့ အကျယ်အဝန်း၊ လုံခြုံတဲ့အမြင့်၊ အကာ အရံတွေအပြင် အသုံးပြုပြီးတိုင်း လက်ဆေးကြောဖို့ ရေနဲ့ဆပ်ပြာတွေထားရှိခြင်းဟာလည်း သန့်စင်ခန်းတစ်ခုမှာ ရှိရမယ့် အခြေခံအချက်တွေဖြစ်ပါတယ်။
"ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိမ်သာမျိုးဆိုတာကတော့ သန့်ရှင်းစနစ်ကျစွာ ဆောက်လုပ်ပြီးကောင်းမွန်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အပြုအမူနဲ့ ကိုက်ညီစွာ အသုံးပြုနိုင်တဲ့ အိမ်သာအမျိုးအစားပါပဲ"လို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာဌာနခွဲက လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းမြင့်က ပြောပါတယ်။
အများသုံးသန့်စင်ခန်းတွေ ညစ်ပတ်နေတာဟာ ဒီလုပ်ငန်းလုပ်ကိုင်သူတွေကိုချည်းပဲ အပြစ်ပုံချလို့မရပါဘူး။ မြန်မာတိုင်း(မ်)က သူတို့ကို လိုက်လံမေးမြန်းကြည့်တဲ့အခါမှာ တူညီတဲ့အချက်တစ်ခုကတော့ အများသုံးသန့်စင်ခန်း အသုံးပြုသူတချို့ရဲ့ အလွန်အကျူး စည်းကမ်းမဲ့အပြုအမူတွေရှိနေတာကို သိရှိခဲ့ရပါတယ်။
လသာလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်က အခပေးသန့်စင်ခန်း လုပ်ကိုင်သူတစ်ဦးကတော့ အသုံးပြုသူတွေရဲ့ စည်းကမ်းမဲ့ အပြုအမူတွေကို နေ့တိုင်းနီးပါး ကြုံတွေ့ရတယ်လို့ ရင်ဖွင့်ပါတယ်။ သူတာဝန်ယူတဲ့ သန့်စင်ခန်းဟာ နံနက် ၆ နာရီမှာ ဖွင့်ပြီး ည ၉ နာရီဆို ပိတ်ပါတယ်။ တစ်နေ့ကို ပျမ်းမျှ လူဦးရေ ၄၀ဝလောက် သန့်စင်ခန်းကို အသုံးပြုပါတယ်။
စည်းကမ်းမဲ့ သန့်စင်ခန်းအသုံးပြုသူအများစုဟာ အမျိုးသားတွေဖြစ်နေပြီး သူပြောပြတဲ့ စည်းကမ်းမဲ့ အပြုအမူတွေ ကတော့ အံ့သြစရာပါပဲ။ ကိစ္စပြီးတဲ့အချိန် ရေမလောင်းတာ၊ အိမ်သာခွက်မဟုတ်တဲ့နေရာမှာ မစင်စွန့်တာ၊ အိမ်သာခွက်ထဲ ကွမ်းသွေးထွေးတာ၊ ဆေးလိပ်တိုစွန့်ပစ်တာတို့ ပါဝင်ပါတယ်။
ဒါတင်မကသေးပါဘူး။ တစ်ခါတလေမှာ အိမ်သာခန်းထဲ ရေချိုး၊ ကိုယ်လက်သန့်စင်တာ၊ လက်ဆေးကန်မှာ ခေါင်းလျှော်တာတွေအထိ ပြုလုပ်ကြတယ်လို့ သူကဆိုပါတယ်။ ဒီထက်ဆိုးတာကတော့ ရေပိုက်ခေါင်း၊ ရေပိုက်တွေနဲ့ တံခါးချက်တွေကို ဖြုတ်ယူသွားတာတွေအထိတောင် ပြုလုပ်ကြတယ်လို့ သူက ဆိုပါတယ်။
"မစင်တွေဆိုရင် သူတို့စည်းကမ်းမဲ့လုပ်တာပဲလား။ မအောင့်နိုင်လို့ ထွက်ကျတာပဲလားမသိဘူး။ ယောကျာ်းရော၊ မိန်းမရော မစင်တွေတင်လို့ သွားဆေးရတယ်။ ပြီးရင်အမွှေးဆီတွေဖြန်းရတယ်"လို့ သန့်စင်ခန်းလုပ်ငန်း လုပ်ကိုင်သူ ဒေါ်မြင့်ကြည်က သူကြုံတွေ့နေကျ ဖြစ်စဉ်တစ်ခုကို ပြောပြပါတယ်။
ဒီလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ ပြောဆိုချက်တွေကို ခြုံငုံသုံးသပ်ကြည့်ရမယ်ဆိုရင် အများသုံးသန့်စင်ခန်းတွေ သန့်ရှင်း သပ်ရပ်ဖို့ ပြည်သူလူထုကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့ လိုအပ်နေပါတယ်။ ဒါ့ပြင် မလျော်ကန်တဲ့ အပြုအမူ ကျူးလွန်ရင် ဒဏ်ရိုက်ဖို့လည်း လိုအပ်နေပါတယ်။
"ကျွန်မတို့ရဲ့ ရန်ကုန်မြို့က ခရီးသွားဧည့်သည်အများဆုံးလာတဲ့မြို့ ဖြစ်တဲ့အတွက် သန့်စင်ခန်းတွေ အဆင့်မြှင့်တင်ဖို့ လိုအပ်တာကို တွေ့ရပါတယ်။ သန့်စင်ခန်းတွေကို အဆင့်မြှင့်တင်ပြီဆိုတာနဲ့ ဝင်ရောက် သုံးစွဲတဲ့ ပြည်သူလူထု ကလည်း စည်းကမ်းရှိဖို့နဲ့ သုံးစွဲတဲ့နည်းလမ်းမှန်ကန်ဖို့ လိုပါတယ်"လို့ ဒေါ်နန်းတင်ယုဆွေက ပြောပါတယ်။
စိတ်ထဲမှာ စွဲထင်ကျန်တဲ့ အတွေ့အကြုံတစ်ခု၊ မြင်ကွင်းတစ်ခုကြောင့် ကိုကျော်မျိုးလွင်ကတော့ နောက်ဆို အများသုံးသန့်စင်ခန်းတွေကို အသုံးပြုဖို့ လက်တွန့်သွားပါပြီ။
"ဒီနေရာက လွဲပြီး ကျန်တဲ့နေရာရွေးချယ်စရာမရှိတော့တဲ့မဖြစ်မနေအခြေအနေ မျိုးမှပဲ အများသုံးအိမ်သာကို သုံးတော့တယ်။ ဒီနေရာသွားရင် ဒီဒုက္ခရှိတာသိလို့ ကိုယ်အန္တရာယ်ကို ကြိုရှင်းတတ်သွားတယ်"လို့ သူကပြောပါတယ်။




















