ယူဒီးနိစ် − SPAL (စနေ၊ ည ၇း၃ဝ)
ယူဒီးနိစ်က တန်းဆင်းဇုန် အဖျားတစ်ဖက်ကို နင်းထားတုန်းပါပဲ။ အချိန်မရွေး ကျသွားနိုင်ပါတယ်။ SPAL က ၄၂ မှတ် ရထားပြီဖြစ်လို့ စိတ်ချရသွားပါပြီ။ ဒါကြောင့် အခုအိမ်ကွင်းမှာ ယူဒီးနိစ်တို့ အမှတ်ရအောင် ယူဦးမှာပါ။ ယူဒီးနိစ်ကိုပဲ ရွေးချယ်ရမှာပါ။
ဂျီနိုအာ − ကက်ဂလီယာရီ (စနေ၊ ည ၁ဝး၃ဝ)
အရှေ့ပိုင်းတစ်လျှောက်လုံး ခြေစွမ်းအတက်အကျကို လိုသလိုကန်နိုင်ခဲ့တဲ့ ဂျီနိုအာရဲ့ အနေအထားက ရာသီကုန်ခါနီးကျမှ စိတ်ပျက်ဖွယ်ဖြစ်လာပါတယ်။ အခုဆိုရင် တန်းဆင်းဇုန်ထဲက အသင်းနဲ့ တစ်မှတ်သာ ကွာပါတယ်။ နောက်ဆုံးနှစ်ပွဲစလုံးကို အနိုင်ကန်မှ တန်းမဆင်းရမှာပါ။ အခုအိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ ဂျီနိုအာကိုပဲ အပိုင်ရွေးရမှာပါ။
ဆက်စူလို − ရိုးမား (တနင်္ဂနွေ၊ နံနက် ၁းဝဝ)
ဆက်စူလိုက ၄၂ မှတ်ရထားတာကြောင့် တန်းမဆင်းရဖို့ စိတ်အေးသွားပြီဖြစ်ပေမဲ့ ရိုးမားကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆက်ပြီးတိုက်ပွဲဝင်ရဦးမှာပါ။ ရိုးမားက အဝေးကွင်းဆို နည်းနည်းခြေယိုင်တတ်ပါတယ်။ ဒါပေမဲ့ အခုလို အရေးကြီးတဲ့အချိန်မှာ ရိုးမားတို့ အားစိုက်မှာသေချာပါတယ်။ အနိုင်သုံးမှတ်ကိုတော့ ရိုးမားတို့ မဖြစ်မနေ ရယူသွားမှာပါ။
ချီယေဗို − ဆမ်ဒိုးရီးယား (တနင်္ဂနွေ၊ ညနေ ၅းဝဝ)
နှစ်သင်းစလုံးအတွက် ဒီပွဲက ဘာမှ အရေးမကြီးတော့ပါဘူး။ သရုပ်ပြပွဲသာသာလောက်ပဲ ကစားကြတော့မှာပါ။ ဆမ်ဒိုးရီးယားက အထက်သင်းဆိုပေမဲ့ အခုချိန်မှာ ခြေကျနေတဲ့အသင်းပါ။ ချီယေဗိုကို အားပေးချင်ပါတယ်။
ပါးမား − ဖီအိုရင်တီးနား (တနင်္ဂနွေ၊ ည ၇း၃ဝ)
ပါးမားတို့အတွက် အမှတ်လိုနေပါသေးတယ်။ တန်းဆင်းဇုန်ထဲက အသင်းနဲ့ သုံးမှတ်သာကွာတာကြောင့် လက်ကျန်ပွဲနှစ်ပွဲစလုံး ပေါ့လို့မရပါဘူး။ ခြေစွမ်းကလည်း သရေနဲ့ အရှုံးသာဖြစ်နေပါတယ်။ ဖီအိုရင်တီးနားကလည်း ရမှတ် ၄ဝ မှတ်ဆိုတော့ သူလည်း တစ်မှတ်လောက်တော့ အနည်းဆုံးလိုပါသေးတယ်။ အခုအိမ်ကွင်းပွဲမှာ ပါးမားတို့ အနည်းဆုံးတစ်မှတ်တော့ရယူနိုင်မှာပါ။
အမ်ပိုလီ − တိုရီနို (တနင်္ဂနွေ၊ ည ၇း၃ဝ)
ရာသီကုန်ဆုံးဖို့ နောက်ဆုံးနှစ်ပွဲသာ လိုတော့တာကြောင့် အမ်ပိုလီတို့ရဲ့ စိတ်ဓာတ်တွေကပြင်းထန်နေဦးမှာပါ။ နှစ်ပွဲဆက်တိုက် အနိုင်ရထားတာကြောင့် တန်းမဆင်းရဖို့ မျှော်လင့်ချက်တွေကလည်း ရှင်သန်နေပါတယ်။ တိုရီနိုကလည်း ဥရောပဝင်ခွင့် မျှော်လင့်ချက်ရှိနေတာကြောင့် ဒီပွဲက ကြည့်ကောင်းမှာပါ။ အသင်းရွေးပြီးအားပေးချင်ရင်တော့ အားနည်းတဲ့ အမ်ပိုလီဘက်က ရပ်တည်ချင်တယ်။
အေစီမီလန် − ဖရိုစီနိုနီ (တနင်္ဂနွေ၊ ည ၁ဝး၃ဝ)
အေစီမီလန်တို့ လက်ရှိအချိန်မှာ ယူရိုပါလိဂ်ဝင်ခွင့်နေရာမှာရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာကိုပါ မျှော်မှန်းနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါပေမဲ့ လက်ကျန်နှစ်ပွဲစလုံးမှာ ခြေချော်ခဲ့ရင်လည်း အဲဒီနှစ်နေရာစလုံးကို လက်လွှတ်ရမယ့် အနေအထားပါ။ ဖရိုစီနိုနီက တန်းဆင်းရမယ့်အသင်းပါ။ ဒီလိုအသင်းမျိုးနဲ့ တွေ့နေချိန်မှာ အေစီတို့ အခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ပါဘူး။ အေစီပါပဲ။
ဂျူဗင်တပ် − အတ္တလန္တာ (တနင်္လာ၊ နံနက် ၁းဝဝ)
ချန်ပီယံ ဂျူဗင်တပ်အတွက် ဂုဏ်သိက္ခာကလွဲလို့ ဒီပွဲက အရေးမကြီးပါဘူး။ အတ္တလန္တာကချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် အရေးကြီးနေတဲ့အချိန်ပါ။ အခုလိုအချိန်မှာ ဂျူဗီအိမ်ကွင်းမှာ သွားကစားရမှာဖြစ်လို့ သူတို့အတွက် မလွယ်ကူလှပါဘူး။ ဂျူဗီကလည်း အိမ်ကွင်းမှာ သိက္ခာမကျအောင် ကစားနိုင်ပါတယ်။ သရေရလဒ်သာ ထွက်ပေါ်လာနိုင်ပါတယ်။
နာပိုလီ − အင်တာမီလန် (တနင်္လာ၊ နံနက် ၁းဝဝ)
နှစ်သင်းစလုံးက နောက်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရမယ့်နေရာမှာ ရောက်နေပေမဲ့ အင်တာအတွက်က စိတ်အချရဆုံးအနေအထားမှာ မရှိပါဘူး။ အမှတ်ရသလောက်တော့ ယူထားရဦးမှာပါ။ နာပိုလီအိမ်ကွင်းမှာ ကစားရမှာဖြစ်တာကြောင့် နည်းနည်းတော့ မလွယ်ပါဘူး။ အိမ်ရှင်ဆီက အင်တာတို့ အမှတ်တစ်မှတ် ခွဲယူနိုင်ရင် ကျေနပ်သင့်ပါတယ်။
လာဇီယို − ဘိုလော့နာ(အင်္ဂါ၊ နံနက် ၁းဝဝ)
လာဇီယိုအတွက် အရေးမကြီးပေမဲ့ ဘိုလော့နာအတွက် အမှတ်ယူထားရဦးမှာပါ။ အခုချိန်ထိ ရမှတ် ၄ဝ သာရထားလို့ စိတ်မချရပါဘူး။ လာဇီယိုတို့ အခုပွဲမတိုင်မီ ကြားပွဲ ကစားထားရလို့ ပွဲပန်းနေနိုင်ပါတယ်။ ဘိုလော့နာကို ကြိုက်ပါတယ်။















