အဖေတူအမေကွဲညီမကို သားမယား အကြိမ်ကြိမ်ပြုကျင့်သူအား အရေးယူ

အဖေတူအမေကွဲညီမကို သားမယား အကြိမ်ကြိမ်ပြုကျင့်သူအား အရေးယူ

မုဒုံမြို့နယ်တွင်အဖေတူအမေကွဲညီမဖြစ်သူကိုသားမယားအဖြစ်အကြိမ်ကြိမ်ပြုကျင့်ခဲ့သူကို သက်ဆိုင်ရာက ဖမ်းဆီးအမှုဖွင့် စစ်ဆေးလျက်ရှိသည်။
 

သားမယားပြုကျင့်မှုနှင့်ပတ်သက်၍ မွန်ပြည်နယ် မုဒုံမြို့၊ကောခပုံကျေးရွာနေ အမျိုးသမီးတစ်ဦးက မေ ၁၈ ရက် မွန်းလွဲ ၂ နာရီခန့်တွင် သက်ဆိုင်ရာသို့ သွားရောက်တိုင်ကြားခဲ့သည်။

အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူကို ခင်ပွန်းဖြစ်သူ၏ ပထမအိမ်ထောင်နှင့် ပါလာသည့် သားမောင်ပိုင်စိုးသူ (ခ) အဘိုင် ၂၅ နှစ်က အလိုမတူဘဲ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ပြုကျင့်ခံရသူ၏မိခင်က တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြုကျင့်ခံရခြင်းကို အိမ်နီးချင်းများ၏ ပြောပြချက်အရ မိခင်ဖြစ်သူကသိခဲ့ရကာ သမီးဖြစ်သူကို မေးမြန်းခဲ့ပြီးနောက် သက်ဆိုင်ရာသို့ တိုင်ကြားခြင်းဖြစ်သည်။

မုဒုံမြို့နယ်ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ ပိုင်စိုးသူ(ခ)အဘိုင်ကို မေ ၁၈ ရက် ညနေ ၄ နာရီတွင် ဖမ်းဆီးခဲ့ပြီး မုဒုံမြို့မရဲစခန်းက (ပ) ၂၂၄၀/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားသည်။