မှော်ဘီမြို့နယ်တွင် ဖူးကြီးရေလှောင်ကန်အနီး လူသတ်အလောင်းစွန့်ပစ်ခဲ့သူလေးဦးကို မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း မေ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ မေ ၂ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မှော်ဘီမြို့နယ် ဖူးကြီးကျေးရွာ ဖူးကြီးရေလှောင် ကန်အနီး မလေးရှား ပိတောက်စိုက်ခင်းအတွင်း အမည်မသိအမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိ ကြောင်း သတင်းအရ မြောင်းတကာ ရဲကင်းစခန်းမှူး ရဲအုပ်စန်းအောင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေရာတွင် အသက်(၅၅)နှစ်ခန့် အမည်မသိအမျိုးသမီး၏ ယာနားနောက်ထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
သေသူ၏အလောင်းအား မှော်ဘီဆေးရုံသို့ပို့အပ်ပြီး သေသူမည်သူမည်ဝါ ဖြစ်ကြောင်းသက်ဆိုင်ရာက စုံစမ်းခဲ့သည်။
ထိုသို့စုံစမ်းနေစဉ် တိုက်ကြီးမြို့နယ် မေတ္တာအေးကျေးရွာနေ ဒေါ်စန်းစန်းနွဲ့(ခ)ဒေါ်တူး ဖြစ်ကြောင်း သေဆုံးသူ၏သမီးဖြစ်သူက အတည်ပြုပေးခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက ဖော်ထုတ်ခဲ့ရာ အခင်းဖြစ်ပွားသည့်နေ့တွင် သေဆုံးသူအမျိုးသမီးကို မှော်ဘီမြို့တွင် မိုးဟိန်း၏ ဆိုင်ကယ်နှင့်အတူ နောက်ဆုံးတွေ့ခဲ့ကြောင်း သတင်းရရှိခဲ့သည်။
ဆက်လက်စုံစမ်းချက်အရ သေဆုံးသူ ဒေါ်စန်းစန်းနွဲ့(ခ)ဒေါ်တူး၏ မတ်တော်သူ ကျင်ရွှေက ဒေါ်စန်းစန်းနွဲ့(ခ)ဒေါ်တူး ကို သတ်ပေးရန် မိုးဟိန်းကိုပြောဆိုခဲ့ဖူးကြောင်း သတင်းရရှိခဲ့သောကြောင့် အမှုဖြင့် မသင်္ကာသူ မိုးဟိန်း၊ (၃၃)နှစ်နှင့် ကျင်ရွှေ(ခ) ချာတိတ်(၅၉)နှစ် တို့ကို ရဲတပ်ဖွဲ့က မေ ၁၅ ရက်တွင် ဖမ်းဆီးခဲ့သည်။
၄င်းတို့ကို စစ်ဆေးဖော်ထုတ်ချက်အရ သေဆုံးသူ အမျိုးသမီးကို ဖူးကြီးကျေးရွာ ဖူးကြီးရေလှောင်ကန်ဘက်သို့ ဆိုင်ကယ်ဖြင့် ခေါ်ယူခဲ့ကြောင်း၊ ထိုသို့ ခေါ်ဆောင်လာစဉ် ရဲလင်းနှင့် ထွန်းနိုင်တို့က ဆိုင်ကယ်ဖြင့်နောက်မှလိုက်လာခဲ့ကြောင်း ရေလောင်ကန်အနီး မလေးရှားပိတောက်ပင် အောက်အရောက် ရဲလင်းက နောက်မှ သံချွန်တပ်ထားသည့် တုတ်ဖြင့် သေဆုံးသူ အမျိုးသမီးကို ရိုက်နှက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အမှုတွင်ပါဝင်ခဲ့ပြီး တိမ်းရှောင်နေသူ ရဲလင်းနှင့် ထွန်းနိုင်(ခ) စောထွန်းနိုင် တို့ကို ၄င်းတို့၏နေအိမ်များမှ မေ ၁၇ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။
အခင်းဖြစ်ပွားစဉ် အသုံးပြုခဲ့သည့် သံတုတ်နှင့်ဆိုင်ကယ်ကို လည်း သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က မေ ၂၀ ရက်တွင် ထုတ်ပြန်သည်။

















