ရွှေဆွဲကြိုးလုယူထွက်ပြေးသူသုံးဦးကို ဖမ်းမိ

ရွှေဆွဲကြိုးလုယူထွက်ပြေးသူသုံးဦးကို ဖမ်းမိ

လှိုင်သာယာမြို့နယ်တွင် ကျပ် ၁၀ သိန်းတန် ရွှေဆွဲကြိုးကို လုယူထွက်ပြေးသူသုံးဦးအား သက်ဆိုင်ရာက မေ ၁၉ ရက်တွင် အမှုဖွင့် အရေးယူထားသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ ည ၇ နာရီခန့်တွင် လှိုင်သာယာမြို့နယ်နေ ဒေါ်ကြည်ကြည်မြင့်သည် သမီးဖြစ်သူနှင့်အတူ ဈေးဝယ်ပြီးနေအိမ်သို့ သီတာလမ်းအတိုင်းလမ်းလျှောက်ပြန်လာခဲ့သည်။

ထိုသို့ ပြန်လာစဉ် အမည်မသိလူသုံးဦးက ၎င်းတို့အနီးသို့ ရုတ်တရက်ရောက်လာပြီး လည်ပင်းတွင်ဆွဲထားသည့် ရွှေဆွဲကြိုးကို လုယူထွက်ပြေးသွားခဲ့သဖြင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခဲ့သည်။

ပတ်ဝန်းကျင်နေထိုင်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ရွှေဆွဲကြိုးလုယူထွက်ပြေးခဲ့သည့် လှိုင်သာယာ မြို့နယ်ညောင်ရွာကျေးရွာနေ ဇေယျာဝင်း(ခ)ကုလား (၁၉ နှစ်)နှင့် (၂) ရပ်ကွက်နေ မျိုးမင်းထွန်း (ခ) ဝတုတ်(၂၉ နှစ်)တို့ကို ဖမ်းဆီးရမိခဲ့သည်။

၄င်းတို့ကို စစ်ဆေးချက်များအရ လုယက်မှု တွင်ပါဝင်ကျူးလွန်ခဲ့ကာ ထွက်ပြေးတိမ်းရှောင်သွားသူမှာ ပြည့်စုံ(ခ)ပုက္ခ (၂၂ နှစ်)ဖြစ်ကြောင်းသိရပြီး သက်ဆိုင်ရာက သက်သေခံရွှေဆွဲကြိုးအပိုင်းပြတ်ကို သိမ်းဆည်းနိုင်ခဲ့သည်။

အမှုဖြင့်ဖမ်းဆီးရမိသူ မျိုးမင်းထွန်း(ခ)ဝတုတ် မှာ လှိုင်သာယာမြို့နယ် အတွင်းခိုးမှုကျူးလွန်ခဲ့သဖြင့် ၂၀၁၇ ခုနှစ်တွင် တရားရုံးက ထောင်ဒဏ် ၁ နှစ် ၆ လကျခံခဲ့ရပြီး ၂၀၁၈ ခုနှစ်မေလတွင် ပြစ်ဒဏ်မှ လွတ် မြောက်ခဲ့သူဖြစ်သည်။

အမှုမှ ထွက်ပြေးတိမ်ရှောင်သွားသူ ပြည့်စုံ(ခ)ပုက္ခကို လှိုင်သာယာမြို့နယ် (၅) ရပ်ကွက်အတွင်း ဦးခေါင်းသွေးထွက်ဒဏ်ရာဖြင့် သက်ဆိုင်ရာက တွေ့ရှိဖမ်းဆီးခဲ့ပြီး လှိုင်သာယာဆေးရုံမှ တစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့ရသည်။

၄င်းတို့ သုံးဦးကို လှိုင်သာယာမြို့မရဲစခန်းက(ပ)၃၀၄၁/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂/၁၁၄ အရ အမှုဖွင့် အရေးယူထားသည်။