နေရှင်နယ်လိဂ် ရာသီဝက်အပြောင်း အရွှေ့တွင် နိုင်ငံခြားသားကစားသမားများကို အပြောင်းအရွှေ့ပြုလုပ်မည်ဟု ပြောဆိုထား ခဲ့သည့် ရန်ကုန်ယူနိုက်တက်သည် နောက်ခံ လူမွန်ကာလူး(ယာပုံ)နှင့် နှစ်ဖက်သဘော တူစာချုပ်ဖျက်သိမ်းခဲ့ပြီး ၎င်း၏နေရာတွင် အစားထိုးရန် ဂျပန်နှင့်ဘရားဇီး ကစားသမား နှစ်ဦးကို စမ်းသပ်လျက်ရှိသည်။
စုံစမ်း
ရန်ကုန်ယူနိုက်တက်နှင့် မွန်ကာလူးတို့ သည် ယခုနှစ်ရာသီကုန်အထိ စာချုပ်သက် တမ်းရှိနေသော်လည်း ၎င်း၏ခြေစွမ်းကို အားရ ခြင်းမရှိ၍ ပထမအကျော့အပြီးတွင် စာချုပ်ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ "မွန်ကာလူးနဲ့ ညှိနှိုင်းပြီး နှစ်ဖက်သဘောတူစာချုပ် ဖျက်သိမ်း ခဲ့ပါပြီ။ သူ့နေရာကိုအစားထိုးမယ့် နိုင်ငံခြား သား နောက်ခံလူကို စုံစမ်းနေတယ်။ လက်ရှိမှာ တော့ ဂျပန်နဲ့ဘရားဇီးကစားသမားနှစ်ဦး လာရောက်စမ်းသပ်နေပါတယ်။ နောက်ထပ် လည်း အစမ်းသပ်ခံဖို့ ကစားသမားတွေလာ ပါဦးမယ်" ဟု အသင်းမီဒီယာတာဝန်ခံ မသိမ့် သိမ့်ထွန်းက ပြောဆိုခဲ့သည်။
ကျေနပ်
ရန်ကုန်ယူနိုက်တက်သည် ယခုနှစ်ရာသီ မစခင်က နိုင်ငံခြားသားကစားသမားများဖြစ် သည့် မွန်ကာလူး၊ ကိုဆူကီနှင့် ဆီလာတို့ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပြီး ကွင်းလယ် တိုက်စစ်အားသန်သည့် မီလာကို ခေါ်ယူခဲ့ သည်။ သို့သော်လည်း ရန်ကုန်ယူနိုက်တက်မှာ ရာသီဝက်အပြီးတွင် အမှတ်ပေးဇယားအဆင့် ၃ တွင် ရပ်တည်နေခဲ့ပြီး အေအက်ဖ်စီပြိုင်ပွဲ ၌လည်း အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရသည်။
လက်ရှိအချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ်အဖြစ် လက်ထောက်နည်း ပြ ဦးတင်မောင်ထွန်းက ယာယီတာဝန်ယူလျက် ရှိနေပြီး နည်းပြချုပ်နေရာအတွက် နိုင်ငံခြား သားနည်းပြများ လာရောက်လျှောက်ထားမှုများရှိနေကြောင်း သိရသည်။















