ပြင်ဦးလွင်မြို့နယ်တွင် ကျပ်သိန်းခြောက်သောင်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးနှင့်ဘိန်းဖြူများကို ဆီဘောက်ဆာဖြင့် သယ်ယူလာစဉ် ဖမ်းဆီးရမိခဲ့ကြောင်း မေ ၂၁ ရက်တွင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ မေ ၁၈ ရက် နံနက် ၁ နာရီခွဲခန့်တွင် ပြင်ဦးလွင်မြို့နယ် မန္တလေး-လားရှိုး ကားလမ်းဘေး မိုင်တိုင်အမှတ် (၄၇/၄၈) ကြားရှိ တိုးဂိတ်ဟောင်း၌ မူဆယ်မြို့နေ ယာဉ်မောင်း မာယော် ၃၈ နှစ် မောင်းနှင်သည့် (၁၂) ဘီး ဆီဘောက်ဆာယာဉ်သည် Mobile X-Ray စက်တွင် ဖြတ်သန်းမောင်းနှင်စဉ် မသင်္ကာဖွယ် တွေ့ရှိသဖြင့် မူးယစ်တပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးခဲ့သည်။
ထိုသို့ရှာဖွေစစ်ဆေးစဉ် ဆီဘောက်ဆာအကန့်ခုနစ်ကန့်အနက်မှ စတုတ္ထမြောက် အကန့်တွင် အံဝှက် ပြုလုပ်ပြီး ဆာလာအိတ်ဖြင့်ထည့်သွင်းသယ်ဆောင်လာသည့် ဘိန်းဖြူမှုန့် ၄၄ ကီလိုဂရမ် ကျပ်သိန်း ၄၄၀ဝ၀ ဖိုးခန့်ကို ဆပ်ပြာခွက် ၄၄၀ဝ ဖြင့်ထည့်သွင်းသယ်ဆောင်လာသည်ကိုတွေ့ရှိခဲ့သည်။
ထို့ပြင် မှိုင်းခံစက္ကူဖြင့် ပတ်ထားသော WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား သုံးသန်း၊ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ရှစ်သန်းခွဲကျော်၊ လက်ကိုင်ဖုန်းတစ်လုံး၊ ယာဉ်နှင့်ပတ်သက်သည့် စာရွက်စာ တမ်းများ စုစုပေါင်း တန်ဖိုး ကျပ်သိန်းပေါင်း ၁၇၀၂၀ တို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်ဦးလွင်မြို့မရဲစခန်းက ယာဉ်မောင်း မာယော် ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်ဖမ်းဆီးရမိရေးအတွက်ဆက်လက် စုံစမ်းလျက်ရှိသည်။

















