အလှူငွေလိမ်လည်ကောက်ခံသည့် သတင်းစုံ ဂျာနယ်လစ်အဖွဲ့ဝင်ဆိုသည့်ရှစ်ဦးကို အမှုဖွင့်

အလှူငွေလိမ်လည်ကောက်ခံသည့် သတင်းစုံ ဂျာနယ်လစ်အဖွဲ့ဝင်ဆိုသည့်ရှစ်ဦးကို အမှုဖွင့်

ပုသိမ်ကြီးမြို့နယ်တွင်အလှူငွေလိမ်လည်ကောက်ခံခဲ့သော သတင်းစုံဂျာနယ်လစ်အဖွဲ့ဝင်ဆိုသည့် ရှစ် ဦးကို သက်ဆိုင်ရာက အမှုဖွင့် အရေးယူခဲ့ကြောင်း မေ ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။

မေ ၁၉ ရက် နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ကန်ကောက် အရှေ့ကျေးရွာနေ ကိုမျိုး(ခ)ကိုမင်းအေးဆောင်သည် နေအိမ်၌ မိသားစုနှင့်အတူရှိနေခဲ့သည်။

ထိုစဉ် ကားတစ်စီးဖြင့် အမည်မသိအမျိုးသားရှစ်ဦးနေအိမ်သို့ ရောက်ရှိလာခဲ့ပြီး ၄င်းတို့သည် “အမိမြေ” သတင်းစုံဂျာနယ်လစ်အဖွဲ့မှဖြစ်ကြောင်း၊ အလှူငွေထည့်ဝင်ရန် လာရောက်ကောက်ခံခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ကိုမျိုး(ခ)ကိုမင်းအေးဆောင်မှ လှူဒါန်းမည်ဖြစ်ကြောင်း ပြန်လည် ပြောဆိုနေစဉ် ၎င်း၏ဇနီးဖြစ်သူ မနီလာခိုင်က ၎င်းတို့အဖွဲ့ထဲရှိ ကားမောင်းသူကို မြင်ဖူးကြောင်း၊ ယခင်(၄)လကျော်ခန့်က ရှင်တော် ကုန်းကျေးရွာ၊ရွှေဘုံသာပဌာန်းဓမ္မာရုံ ဆောက်လုပ်ရန်အတွက် အလှူခံရာတွင် ယခုကား မောင်းလာသည့် ကားသမားနှင့် ကားပေါ်ပါ လူရှစ်ဦးအနက် သုံးဦးခန့်က လာရောက်အလှူခံသွားဖူးကြောင်း ၊ မှတ်မိကြောင်းပြောဆိုသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံ ဆက်သွယ် အကြောင်းကြားခဲ့သည်။

ထိုသို့ အကြောင်းကြားစဉ် ၎င်းတို့ ရှစ်ဦးက ပြန်ထွက်မည်ပြုလုပ်နေသဖြင့်ကိုမျိုး(ခ)ကိုမင်းအေးဆောင်ကကားသော့ကိုဖြုတ်၍တစ်ယောက်တစ်ခွန်းပြောဆိုနေစဉ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ရောက်ရှိလာပြီး စစ်မေးခဲ့သည်။

စစ်မေးရာ ဦးဝေလင်းအောင်ပါ ရှစ်ဦးထံမှ “အမိမြေ”သတင်းစုံစမ်းစုဆောင်းရေးအဖွဲ့ရုံးချုပ် ဖွင့်လှစ်ရန် မှတ်တမ်းတင် ဂုဏ်ပြုလွှာအလွတ်စာရွက်သာပြနိုင်ပြီး ခိုင်လုံသည့်အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသောကြောင့် ချမ်းမြသာစည်မြို့နယ်နေ မန္တလေးနေ့စဉ် သတင်းထောက်ဦးဝေလင်းအောင်(၄၀)နှစ် ပါရှစ်ဦးကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ပုသိမ်ကြီးမြို့မရဲစခန်းက(ပ)၂၅၇/၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈/၁၁၄ အရ အမှုဖွင့်အရေးယူထားသည်။