လားရှိုးအကျဉ်းထောင်အတွင်း ပစ္စည်းပို့ရန် လာရောက်သည့် ထောင်ဝန်ထမ်းတစ်ဦးကို စစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြားများထည့်သွင်း သယ်ဆောင်လာသည်ကိုတွေ့ရှိရသဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က မေ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ မေ ၁၈ ရက် နံနက်ပိုင်းတွင် လားရှိုးမြို့ အကျဉ်းထောင်တံခါးကြီးကြပ်ရေးအဖွဲ့ဝင်များက ထောင်အတွင်းသို့ပစ္စည်းပို့ရန် လာရောက်ခဲ့သည့် အကျဉ်းထောင်ဝန်ထမ်း တပ်သားအောင်အောင်ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ရှာဖွေစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးစဉ် ၄င်း၏ အိတ်ကပ်အတွင်းရှိ လားရှိုးအကျဉ်းထောင်စာတမ်းပါ ဝန်ထမ်း အိတ်ဆောင်ခေါက်ချိုးကတ်ပြားအတွင်း ညှပ်၍ယူလာသည့် အအေးစုပ်ပိုက်ငယ်လေးခုနှင့် ပိုက်အတွင်းပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၀ တို့ကိုရှာဖွေတွေ့ရှိခဲ့သည်။
လားရှိုးနယ်မြေရဲစခန်းက မယ(ပ)၁၇/၁၉ ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆(ဂ)အရ အမှုဖွင့် အရေးယူထားသည်။

















