နေရှင်နယ်လိဂ်ဒုတိယအကျော့ရာသီ အတွက် ပြင်ဆင်လျက်ရှိသည့် ဧရာဝတီယူ နိုက်တက်သည် တောင်ကိုရီးယားကလပ် ပိုဟန်စတီလာအသင်းနှင့် ခြေစမ်းပွဲတွင် အသင်း၌ ခြေစွမ်းလာရောက်စမ်းသပ်ခံနေ သည့် ကစားသမားများကို ထုတ်သုံးမည်ဖြစ် ကြောင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြော ဆိုခဲ့သည်။
စောင့်ကြည့်မည်
တောင်ကိုရီးယားကလပ် ပိုဟန်စတီလာ အသင်းသည် နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်း အမှတ်အဖြစ် မြန်မာနိုင်ငံ၌ ခြေစမ်းပွဲနှစ်ပွဲကစားမည်ဖြစ်သည်။ ပထမခြေစမ်းပွဲအဖြစ် မေ ၂၈ ရက် ညနေ ၅ နာရီတွင် ဧရာဝတီ ယူနိုက်တက်နှင့် ခြေစမ်းမည်ဖြစ်ပြီး ဒုတိယ ခြေစမ်းပွဲအဖြစ် မေ ၃၀ ရက် ညနေ ၅ နာရီ တွင် ပဏာမမြန်မာ့လက်ရွေးစင် ယူ-–၂၃ အသင်းနှင့် ခြေစမ်းမည်ဖြစ်သည်။ ဧရာဝတီ ယူနိုက်တက်သည် ရာသီဝက်အပြောင်းအရွှေ့ တွင် အသင်း၌ ခြေစွမ်းလာရောက်စမ်းသပ်နေ သည့် ပြည်တွင်း၊ ပြည်ပ ကစားသမားများကို ပိုဟန်စတီလာအသင်းနှင့် ခြေစမ်းပွဲတွင် ထုတ် သုံးကာ စောင့်ကြည့်မည်ဖြစ်သည်။
"အသင်းမှာ ပြည်တွင်း၊ ပြည်ပက ကစား သမားတွေ လာရောက်စမ်းသပ်မှုခံနေပါတယ်။ ပိုဟန်စတီလာနဲ့ပွဲမှာ စမ်းသပ်ခံနေတဲ့ ကစား သမားအချို့ကို ထုတ်သုံးမယ်။ သူတို့ခြေစွမ်း ကို စောင့်ကြည့်မယ်။ သဘောကျရင်တော့ စာချုပ်ဖို့ ညှိနှိုင်းသွားမှာပါ" ဟု ဦးမျိုးလှိုင်ဝင်း က ပြောဆိုခဲ့သည်။ ဧရာဝတီယူနိုက်တက် တွင် လာရောက်ခြေစွမ်းစမ်းသပ်ခံနေသည့် ကစားသမားများထဲ၌ လက်ရွေးစင်ကစား သမားဟောင်း နန္ဒလင်းကျော်ချစ်လည်း ပါဝင် လျက်ရှိနေသည်။ ဧရာဝတီယူနိုက်တက်သည် ကလပ်လက်မဲ့ဖြစ်နေသည့် နန္ဒလင်းကျော် ချစ်နှင့် ကောင်းဆက်နိုင်တို့ကို ကလပ်၌ ခြေ စွမ်းစမ်းသပ်ရန် ခေါ်ယူထားခဲ့သော်လည်း နန္ဒလင်းကျော်ချစ်သာ ရောက်ရှိလာခဲ့ပြီး ကောင်းဆက်နိုင်မှာ ရောက်ရှိလာခဲ့ခြင်းမရှိ ခဲ့ပေ။
အခမဲ့
ဧရာဝတီယူနိုက်တက်နှင့် ခြေစမ်းမည့် ပိုဟန်စတီလာအသင်းသည် အာရှချန်ပီယံ လိဂ်တွင် ချန်ပီယံသုံးကြိမ်ဖြစ်ခဲ့ဖူးပြီး လက်ရှိ တောင်ကိုရီးယားကေလိဂ် အမှတ်ပေးဇယား တွင် အဆင့် ၆ နေရာ၌ ရပ်တည်လျက်ရှိသည်။ အဆိုပါခြေစမ်းပွဲကို ပရိသတ်များအခမဲ့လာ ရောက်ကြည့်ရူနိုင်ပြီး တောင်ကိုရီးယားရိုးရာ အကနှင့် ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်မည်ဟု သိရသည်။















