ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၌ တောင်သူများစိုက်ပျိုးစရိတ်ထုတ်ချေးမှုတွင် လာဘ်ငွေရယူခဲ့သူ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ မန်နေဂျာကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့်ယနေ့ မေ ၂၁ ရက်၌ အမှုဖွင့်အရေးယူခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်သည်။
ယခင်မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင် (ယခု ကျောင်းကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ) ကို ကော်မရှင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် မြောင်းမြမြို့မရဲစခန်းတွင် ယနေ့အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
၄င်းသည် ယခင် မြောင်းမြမြို့ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မန်နေဂျာအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်က အစိုးရမှ တောင်သူများထံသို့ စိုက်ပျိုးစရိတ်ထုတ်ချေးရာတွင် လေးအိမ်တန်းကျေးရွာ အုပ်စုမှ တောင်သူ (၁၄)ဦး၏ ၂၀၁၆ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေကျပ် ၁၈၉၇၀၅၆ဝ ကို ၂၀၁၇ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ပေးဆပ်သည် ဟု မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းခဲ့ခြင်းဖြစ်သည်။
ပေးသွင်းခဲ့ပြီးနောက် ဇူလိုင် ၂၁ ရက်နေ့တွင် အဆိုပါ တောင်သူ (၁၄)ဦးကို ၂၀၁၇ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေသစ် ထုတ်ချေးပေးခဲ့သည်။
ထိုသို့ထုတ်ချေးရာတွင် ၂၀၁၆ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်မှ ချေးငွေ ပေးဆပ်ရန်ကျန် တောင်သူ (၁၁) ဦး၏ တစ်ဦးချင်း ပြန်လည်ပေးဆပ်သည့် ချေးငွေကျပ် ၁၅၄၁၁၀ဝဝ နှင့် ငါးရာခိုင်နှုန်း အတိုးဖြင့် အပိုဆောင်းပေးရငွေကျပ် ၇၇၀၅၅ဝ တို့ကို ရာထူးတာဝန်အလွဲသုံးစားပြုလုပ်၍ ဒေါ်မာလာတင်က ကိုယ်ကျိုးအတွက်ရယူကာ အဂတိလိုက်စားမှုကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
















