လမ်းသွားလမ်းလာများထံမှ ရွှေဆွဲကြိုးများကို ဆိုင်ကယ်တစ်စီးဖြင့် လိုက်လံလုယူ

လမ်းသွားလမ်းလာများထံမှ ရွှေဆွဲကြိုးများကို ဆိုင်ကယ်တစ်စီးဖြင့် လိုက်လံလုယူ

လှိုင်သာယာမြို့နယ်တွင် လမ်းသွားလမ်းလာများထံမှ ရွှေဆွဲကြိုးကို ဆိုင်ကယ်တစ်စီးဖြင့် လိုက်လံလုယူသူအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က မေ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ရွှေဆွဲကြိုးအပြတ်တစ်ကုံးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသူကို စစ်ဆေးရာမှ ရွှေဆွဲကြိုးဖြတ်မှုသုံးမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

လှိုင်သာယာမြို့နယ် အမှတ် ၆ ရပ်ကွက် ရန်ကုန်-ညောင်တုန်းလမ်းမပေါ်တွင် ဆိုင်ကယ်တစ်စီးဖြင့် မသင်္ကာဖွယ်တွေ့ရှိသူ လှိုင်သာယာမြို့နယ်နေ ရဲကိုနိုင်ကို ရဲတပ်ဖွဲ့က ဧပြီ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဖမ်းဆီးခဲ့သည်။

ထိုသို့ ဖမ်းဆီးစဉ် ၄င်းလက်အတွင်း ဆံပင်ထွေးများဖြင့် ရောထွေးဆုပ်ကိုင်လာသည့် ရွှေဆွဲကြိုးအပျက်တစ်ကုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ရွှေဆွဲကြိုးအပြတ်နှင့်ပတ်သက်၍ စုံစမ်းခဲ့ရာ ၈ ရပ်ကွက် ရုံးရှေ့မှတ်တိုင်အနီးတွင် လမ်းလျှောက်လာသူ အမျိုးသမီးတစ်ဦးထံမှဆွဲဖြတ်ယူခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သောကြောင့် အမှုဖွင့် အရေးယူခဲ့သည်။

ဆက်လက်စုံစမ်းချက်များအရ ယခုနှစ် ဖေဖော်ဝါရီလအတွင်း လှိုင်ယာမြို့နယ် (၇)ရပ်ကွက်၊ မီးခွက် ဈေးအောက်ထိပ်၊ရန်ကုန်-ပုသိမ် လမ်းမကြီးပေါ်၌ စက်ဘီးစီးလာသော အမည်မသိ အမျိုးသားတစ်ဦးထံမှ ရွှေဆွဲကြိုးတစ်ကုံး၊ ဧပြီလအတွင်း လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ ဗိုလ်အောင် ကျော်လမ်းမပေါ်တွင်စက်ဘီးစီးလာသူအမျိုးသားတစ်ဦးထံမှ ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေလင်ပန်းစက်မှုဇုန်၊ ငွေပင်လယ်ဘုရားအနီးတွင်စက်ဘီးစီးလာသည့် အမျိုးသားတစ်ဦးထံမှ ရွှေဆွဲကြိုးတစ်ကုံးတို့ကို လုယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

သက်ဆိုင်ရာက ၄င်းလုယူခဲ့သည့် ရွှေဆွဲကြိုးများကို ရောင်းချထား သည့်နေရာများမှ ပြန်လည်သိမ်းဆည်းကာ အမှုဖွင့် အရေးယူထားသည်။