ဥရောပရဲ့ ထိပ်တန်းလိဂ်တစ်ခုထဲမှာ အပါအဝင်ဖြစ်တဲ့ ဘွန်ဒက်စ်လီဂါဟာ ကန့်လန့်ကာချ ပိတ်သိမ်းသွားခဲ့ပြီဖြစ်ပါတယ်။ ဂျာမန်ပြည်တွင်း ဘောလုံးပြိုင်ပွဲတွေမှာ စတုဂတ် ကစားရမယ့် တန်းဆင်း − တန်းတက် Play off ပြိုင်ပွဲနဲ့ လာမယ့် စနေညမှာ ကစားမယ့် လိုက်ပဇစ်−ဘိုင်ယန်မြူးနစ်တို့ရဲ့ ဂျာမန်ပိုကယ်ဖလား ဗိုလ်လုပွဲတို့သာ ကျန်ရှိပါတော့တယ်။ဒီတော့ ၂ဝ၁၈−၁၉ ဘောလုံးရာသီရဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါကို အနှစ်ချုပ်ကြည့်လိုက်ရအောင်။
(၇) ကြိမ်ဆက် ဗိုလ်စွဲခဲ့တဲ့ ဘာဗေးရီးယန်းသားများ
ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါရဲ့ နောက်ဆုံးပွဲမှာ ဖရန့်ဖတ်ကို တစ်ဖတ်သတ် ဖိကစား ဂိုးရလဒ် ၅−၁ နဲ့ အနိုင်ရပြီး ချန်ပီယံဘွဲ့ကို ခုနစ်နှစ်ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ပါ တယ်။ အဲဒီပွဲမှာ ရစ်ဘာရီရော ရော်ဘင်ပါ ဂိုးသွင်းနိုင်ခဲ့တဲ့ အတွက် အသင်းနဲ့ လမ်းခွဲတော့မယ့် သူတို့နှစ်ဦးအဖို့ မျက်နှာပန်းလှပြီး ဘွန်ဒက်စ်လီဂါအတွက် ပုံဖော်ပေးနိုင် စရာ သင်္ကေတအမှတ်အသားတစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။ ဒါဟာ ဘွန်ဒက်စ်လီဂါရဲ့ နောက်ဆုံးတစ်စက်အထိ ချိုမြိန် တဲ့ ပျားရည်စက်တစ်ခွက်ဖြစ်ခဲ့တာပါ။ ဘိုင်ယန်မြူးနစ်ဟာ ၃၄ ပွဲကစားရာမှာ ၂၄ ပွဲနိုင်ပြီး၊ ရမှတ် ၇၈ မှတ်ရရှိကာ ဗိုလ်စွဲခဲ့ခြင်း ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဝင်ခွင့်ရအသင်းများ
နောက်ရာသီ ဥရောပ ချန်ပီယံလိဂ် ဝင်ခွင့်ရအသင်း တွေကတော့ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ လိုက်ပဇစ်နဲ့ လေဗာကူဆင် အသင်းတွေဖြစ်ပါတယ်။ ဒေါ့မွန်က ၇၆ မှတ်၊ လိုက်ပဇစ်က ၆၆ မှတ်၊ လေဗာကူဆင်က ၅၈ မှတ် ဖြစ်ပါ တယ်။ ဒီတော့ ထိပ်ဆုံးလေးသင်းရဲ့ ရမှတ်ကွာဟမှုတွေဟာကျဉ်းမြောင်းမှုမရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါဟာ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်နှစ်သင်းသာ အကြိတ် အနယ် ယှဉ်ပြိုင်ရသလိုဖြစ်နေတာကို တွေ့ရမှာပါ။ ဒါပေမဲ့လိုက်ပဇစ်လို အသင်းမျိုး ဥရောပဝင်ခွင့်ကို ထိုးဖောက်လာနိုင်တာ လေဗာကူဆင်လိုအသင်းကြီးမျိုး ချန်ပီယံလိဂ်မှာ ပါဝင်ခွင့်ရတာတွေကတော့ ဂုဏ်ယူဖွယ်ရာ မှတ်တမ်းတင်ရမယ့် အဖြစ်အပျက်တွေလို့ တင်စားရမှာပါ။
ယူရိုပါလိဂ်ဝင်ခွင့်ရအသင်းများ
မွန်ချင်ဂလက်ဘတ်၊ ဝုဖ်ဘတ်နဲ့ ဖရန့်ဖတ်တို့ဟာ နောက်ရာသီ ဥရောပ ယူရိုပါလိဂ်ကို ဝင်ခွင့်ရခဲ့ကြပါတယ်။ မွန်ချင်နဲ့ ဝုဖ်ဘတ်က ၅၅ မှတ်စီ၊ ဖရန့်ဖတ်က ၅၄ မှတ်ဖြစ်လို့သူတို့အသင်းတွေအကြား ပြိုင်ဆိုင်မှုက ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ ပွဲတိုင်းနီးပါး တစ်ဂိုးစီသွင်းနိုင်ခဲ့တဲ့ ဝါဒါဘရီမင်ဟာ ၅၃ မှတ်နဲ့ ကပ်ကျန်ခဲ့ရတာဖြစ်တဲ့အတွက်သူတို့အဖို့ နစ်နာခဲ့ရတာဖြစ်သလို အိမ်ကွင်းမာတဲ့ဟော့ဖန်ဟိမ်းအတွက်လည်း စိတ်မကောင်းစရာပါပဲ။
တန်းဆင်းသွားရသည့်အသင်းများ
ဟန်နိုဗာနဲ့ နုရင်ဘတ်တို့ကတော့ တန်းဆင်းသွားခဲ့ရပြီ ဖြစ်ပါတယ်။ စတုဂတ်ကတော့ ဘွန်ဒက်စ်လီဂါ ဒုတိယ တန်းက အသင်းနဲ့ Play off ကစားရဦးမှာမို့ အသက်ငွေ့ငွေ့ကျန်နေဆဲပါ။ ဒီနေရာမှာတွေ့ရှိရတဲ့ အချက်တစ်ချက် ကတော့ ၃၄ ပွဲ ကစားပြီးချိန်မှာ အနိမ့်ဆုံး ၃၄ မှတ်၊ တစ်ပွဲတစ်မှတ်နှုန်းရရင်တောင် တင်ကျန်နိုင်တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ရှော်လ်ကေးနဲ့ အော့စ်ဘတ်တို့ဟာ ၃၄ မှတ် မရရှိခဲ့တာတောင် တင်ကျန်နိုင်ခဲ့တာကိုကြည့်ရင် ဒီ ၃၄ မှတ်က ဘွန်ဒက်စ်လီဂါရဲ့ မျှခြေကိန်းတစ်ခုဖြစ်တယ် ဆိုတာ တွေ့ရှိနိုင်ပါတယ်။ ပရီမီယာလိဂ်မှာ ဖာဂူဆန် ပြောခဲ့သလို ရမှတ် ၄ဝ လောက်မှ မရရင်တော့ တန်းဆင်းရဖို့ သေချာတယ်ဆိုတဲ့ ဆိုရိုးစကားလိုပါပဲ။
ထိပ်တန်းတိုက်စစ်မှူးများ
ဘိုင်ယန်မြူးနစ်က လီဝင်ဒေါစကီး၊ ဒေါ့မွန်က အယ်လ် ကာဆာ၊ ဖရန့်ဖတ်က ဂျိုဗစ်၊ လေဗာကူဆင်က ဟာဗက်ဇ်၊ ဟော့ဖန်ဟိမ်းက ကရာမာရစ်၊ ဒေါ့မွန်က မာကိုရူးစ်၊ဝုဖ်ဘတ်က ဟက်ဒ်ဟော့က်တို့ဟာ ထိပ်တန်းဂိုးသွင်း ရှင်တွေအဖြစ် အစဉ်လိုက်ရပ်တည် နေကြတာကိုတွေ့ရပါတယ်။ သေချာတာက ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဟာ တစ်ရာသီမှာဂိုး ၂ဝ လောက်သွင်းဖို့ လိုအပ်တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ အဲဒီလိုမျိုး ထိပ်တန်း တိုက်စစ်မှူးတွေရှိတဲ့ အသင်းဟာ ချန်ပီယံဘွဲ့၊ ဒါမှမဟုတ် ဥရောပဝင်ခွင့် တစ်နေရာရဖို့ သေချာနေတယ်ဆိုတာကို ဘိုင်ယန်မြူးနစ်၊ဒေါ့မွန်၊ ဝုဖ်ဘတ်၊ ဖရန့်ဖတ်၊ လေဗာကူဆင်တို့ကသက်သေခံနေကြပါတယ်။
တိုက်စစ်နှင့် ခံစစ်အားအကောင်းဆုံးအသင်း
တိုက်စစ်အားအကောင်းဆုံးအသင်းကတော့ ဘိုင်ယန် မြူးနစ်ပါပဲ။ ၃၄ ပွဲမှာ ၈၈ ဂိုးသွင်းယူနိုင်ခဲ့တယ်။ တိုက်စစ် အားအနည်းဆုံးအသင်းကတော့ တန်းဆင်းသွားရတဲ့ နူရင်ဘတ်ဖြစ်ပြီး ၂၁ ဂိုးသာသွင်းယူနိုင်လို့ တစ်ပွဲတစ်ဂိုး နှုန်းတောင် မရှိဘူး။ တန်းဆင်းဇုန်အထက်မှာ ကပ်လျက် ရပ်တည်ခဲ့တဲ့ အော့စ်ဘတ်တောင် ၅၁ ဂိုး သွင်းယူနိုင်လို့ သူ့ရဲ့စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ခံစစ်အကောင်းဆုံးအသင်းကတော့ ထိပ်သီးလေးသင်းအထဲမှာ ပေးဂိုး ၂၉ ဂိုးသာရှိတဲ့ လိုက်ပဇစ်လို့ သတ်မှတ် ရမှာပါ။ ဒီအသင်းဟာ သူကစားတဲ့ပွဲတိုင်း ဂိုးသွင်းခြေရှိပြီး နှစ်သင်းပေါင်း သွင်းဂိုးများစေတဲ့အသင်းဖြစ်သလို နောက်ရာသီ ချန်ပီယံလိဂ်လည်းဝင်ခွင့်ရထားတာမို့ သူတို့ရဲ့ နွေရာသီစျေးကွက် လူအင်အားဖြည့်တင်းမှုနဲ့ နောက်ရာသီ စိတ်လှုပ်ရှားစရာ အသင်းတစ်သင်း ဖြစ်လာလိမ့်မယ်လို့ ရည်မှန်းထားချင်ပါတယ်။
ခြုံငုံယူဆချက်
ဘာပဲဖြစ်ဖြစ် အသင်းကြီးတွေလို့ဆိုနိုင်တဲ့ ရှော်လ်ကေး၊ဟာသာဘာလင်၊ ဟော့ဖန်ဟိမ်း၊ ဝါဒါဘရီမင်တို့ တင်ကျန် နေခဲ့တဲ့အတွက် ဘွန်ဒက်စ်လီဂါဟာ နောက်ရာသီမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားလှုပ်ရှားမှုကို ခံစားနေရဦးမှာ ပါ။ ဒါ့ပြင် ထင်မှတ်မထားတဲ့ ဒူဆယ်လ်ဒေါ့ဖ်လို အသင်းမျိုးကလည်း စိတ်လှုပ်ရှားစရာဖြစ်ရပ်မျိုးတွေကို ပေးစွမ်းနိုင် သေးလို့ အထင်ကရ လိဂ်တစ်ခုဖြစ်လာနိုင်ပြီး နည်းပြ အပြောင်းအလဲတွေ ကစားသမားအသစ်တွေ ခေါ်ယူမှု တွေက ဘွန်ဒက်စ်လီဂါကို ဆက်လက် အသက်ဝင်လှုပ်ရှား နေဦးမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။















