"တောင်တက်သမားတစ်ယောက်ရဲ့ အောင် မြင်မှုပန်းတိုင်ဆိုတာ တောင်ထိပ်ရောက်အောင် တက်နိုင်ခြင်းမဟုတ်ပါဘူး။ တက်ခဲ့တဲ့ အဆိုပါ တောင်ထိပ်ကနေ မူလနေရာဖြစ်တဲ့ မြေပြင်ကို ဘေးမသီရန်မခဘဲ ပြန်ရောက်တော့မှ တကယ့် ကို ပြီးပြည့်စုံတဲ့ အောင်မြင်မှုလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်"
(၁)
လွန်ခဲ့တဲ့ ဧပြီ ၁၂ ရက်ကThe Summiter Group နဲ့အတူ ကချင်ပြည်နယ် ဖုန်ကန်ရာဇီ ရေခဲတောင်ကိုတက်ရင်း ပြန်အဆင်းမှာ တောင် အောက်ကျသွားတယ်ဆိုတဲ့ ညီမငယ်စိမ့်ထက် အကြောင်းတွေ လူမှုကွန်ရက်စာမျက်နှာပေါ် မှာ အတော့်ကိုပျံ့နှံ့ခဲ့ပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဂျပန်မှာဖွဲ့စည်း ထားတဲ့ မြန်မာတောင်တက်အသင်း (Myanmar Tozan Club)မှာလည်း လှုပ်ရှားရိုက်ခတ်လာ ခဲ့သလို ဖြစ်ပျက်နေတဲ့ သတင်းအချက်အလက် ဗီဒီယိုဖိုင်တွေကို မောင်ရှင့်ဆီလည်း မျှဝေပေး ကြ၊ မက်ဆေ့ချ်ဘောက်ကနေ ပေးပို့ကြနဲ့။ အားလုံးရဲ့ ရည်ရွယ်ချက်က"ဦးရှင်ဘယ်လို မြင်သလဲ" တဲ့။<
(၂)
ဒီခရီးစဉ်မှာ မိမိကိုယ်တိုင် အတူပါသွားတာ မဟုတ်ပေမယ့် ဖြစ်ပျက်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံ တွေ၊ အင်တာဗျူးဗီဒီယိုတွေကိုကြည့်ပြီး လိုတို ရှင်း သုံးသပ်ရမယ်ဆိုရင်ဖြင့် ပေါ့ဆမှုကြောင့် အသက်တစ်ချောင်းမဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတာ ပါလို့ ပြောချင် (ရေးချင်) ပါတယ်။ ရေခဲတောင်(နှင်းတောင်)တက်တာ အန္တရာယ် များသလား။
မောင်ရှင့်အတွေ့အကြုံအရ ပြောရမယ် ဆိုရင် ရေခဲတောင် (နှင်းတောင်) ရယ်မှ မဟုတ် ပါဘူး။ သာမန်တောင်တွေ တက်တော့မယ် ဆိုရင် -
(က) တောင်တက်ပစ္စည်းအင်္ဂါ မစုံလင်ဘူး။
(ခ) မိမိတက်မယ့် တောင်အကြောင်း အတွေ့အကြုံမရှိတာတောင် ကြိုတင်လေ့လာ ထားမှုမရှိဘူး။
(ဂ) နောက်ဆုံးအဓိကအချက်ဖြစ်တဲ့ တောင်တက်ပစ္စည်းလည်းပြည့်စုံတယ်။ မိမိတက် မယ့်တောင်အကြောင်းလည်း သေချာလေ့လာ ထားပေမယ့် ဂျပန်လိုပြောမယ်ဆိုရင်ဖြင့် 'ယာမ ကိုနာမဲလူနာ' (မြန်မာလိုအဓိပ္ပာယ်ကတော့ "ဒီတောင်လေးများကွာ"ဆိုပြီး လျှော့တွက် မယ် ဒါမှမဟုတ် မထီမဲ့မြင်လုပ်မယ်) ဆိုရင်ဖြင့် နိမ့်နိမ့်မြင့်မြင့်တောင်တိုင်းဟာ အလွန့်အလွန် အန္တရာယ်များပါတယ်။
တောင်တက်ဖို့အတွက် ဘာတွေလိုအပ်ပြီး ဘယ်လိုပြင်ဆင်ထားသင့်သလဲ။
"ခုလိုအင်တာနက်စနစ် တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ရှာဖွေစူးစမ်းမယ်ဆိုရင် မိမိ တက်မယ့် တောင်အခြေအနေပေါ်မူတည်ပြီး ဘာပစ္စည်းတွေ လိုအပ်တယ်၊ ဘာတွေပြင်ဆင် ထားရမယ်ဆိုတာ အသေးစိတ်အတိအကျထွက် လာမှာပါ။ အကြမ်းဖျင်းပြောရမယ်ဆိုရင်ဖြင့် တောင်တက်သမားတစ်ယောက်ရဲ့ အဓိကအခရာ ကျတဲ့ တောင်တက်ဖိနပ်၊ တောင်တက်ခြေအိတ်၊ ကျောပိုးအိတ်၊ တုတ်၊ ခေါင်းမီးသီး၊ ဦးထုပ်၊ ချွေးစုပ်တဲ့ အပူခံအင်္ကျီ၊ Fleece Sweater၊ Down Jacket၊ လေကာဝတ်စုံ (Windbreaker)၊ မိုးကာဝတ်စုံ ၊ ဖိနပ်နဲ့ ဘောင်းဘီ ကြား မိုးနဲ့ချော်ခဲလေးတွေမဝင်အောင် ကာတဲ့ Spats၊ Mask၊ နေကာမျက်မှန်၊ ရေ၊ စားစရာ၊ အောက်ဆီဂျင်ဘူး၊ သံလိုက်အိမ်မြှောင်နဲ့ မိမိ သောက်နေကျဆေးဝါး ဒါတွေဟာ မသယ်မဖြစ်လိုအပ်တဲ့ ပစ္စည်းတွေပါ။ အကယ်၍များ သင်ဟာ ရေခဲတောင် (နှင်း တောင်)တက်မယ်ဆိုရင်တော့ ချော်မလဲအောင် ဖိနပ်အောက်မှာခံတဲ့ အသွား ၁၀ ချောင်းကနေ ၁၂ ချောင်းပါတဲ့ (Crampon)၊ ရေခဲခွဲဆူးတုတ် (Ice ax)၊ မိုးဒဏ်နှင်းဒဏ်နဲ့ နေထိုးတာကို ခံနိုင်တဲ့ goggles၊ နှင်းတောထဲမှာ လမ်းလျှောက် လို့ တောင်တက်တုတ်သုံးမယ့်အခါ တုတ်က နှင်းထဲစိုက်နစ်မသွားအောင် ခံရတဲ့ Snow Baskets စတာတွေလိုအပ်ပါတယ်။
(အုပ်စုနဲ့တက်မယ်ဆိုရင်တော့ တောင်တက် ကြိုးဟာ မပါမဖြစ် သယ်သွားရမှာဖြစ်ပါတယ်။) ဒါဟာ အခြေခံအကျဆုံး တောင်တက် ပစ္စည်းကိရိယာတွေပါ။ ဒါတွေ မပြည့်စုံဘဲ တောင်မတက်သင့်ပါဘူး။ တောင်တက်ပစ္စည်းကိရိယာတွေပြင်ဆင် ထားသလို မိမိရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာသန်စွမ်းဖို့ကိုလည်း ကြိုတင် လေ့ကျင့်ထားရမှာ ဖြစ်ပါတယ်။
အုပ်စုနဲ့တက်မယ်ဆိုရင်လည်း Team Work နဲ့ Team Spirit ရှိအောင် မတက်ခင် ကတည်းက ရင်းရင်းနှီးနှီး တွေ့ဆုံစကားပြော တာမျိုး၊ တောင်အနိမ့်တွေကို အတူတက်ကြ တာမျိုး (ဂျပန်လိုဆိုရင်တော့ ]ခိုးလျူးကိုင်} လုပ်တယ်လို့ ခေါ်ပါတယ်) လုပ်ဖို့လိုပါတယ်။
ရေခဲတောင်(နှင်းတောင်)တက်မယ်ဆိုရင် သတိထားသင့်တဲ့အချက်များ
ရေခဲတောင်(နှင်းတောင်)ဆိုတာ မမြင် နိုင်တဲ့ အန္တရာယ်တွေအလွန်တရာများပါတယ်။ အဓိကအချက်ကတော့ နှင်းတွေဟာ တောင် တက် တောင်ဆင်းလမ်းဘေးနားမှာရှိတဲ့ သစ် ကိုင်း၊ သစ်ခြောက်တွေပေါ်တင်နေတတ်တော့ အဆိုပါအရာကို တောင်တက် တောင်ဆင်းလမ်း သို့မဟုတ် မြေသားလို့ထင်ကြသူတွေ များပါ တယ်။
ဂျပန်ရောက်တာ ဆယ်စုနှစ်နှစ်စုကျော် နေပြီး နှစ်စဉ်နှစ်တိုင်း နှင်းကျတာ၊ သစ်ပင် သစ်ကိုင်း၊ လမ်းမတွေပေါ်မှာ နှင်းတွေတင်တာ ကိုမြင်ဖူးပေမယ့် မောင်ရှင်တို့ အမ်တီစီ အသင်း သူ၊ သားတွေနဲ့ ရေခဲတောင် (နှင်းတောင်) တက်တဲ့အချိန်မှာတော့ ခြေချော်နိုင်တာရယ်၊ တောင်အောက်ကို ပြုတ်ကျနိုင်တာရယ်ကြောင့် Crampon, Ice ax, Goggles, Snow Baskets တွေသယ်ဆောင်သွားလို့ အလယ် တည့်တည့်ကပဲ တက်ကြဆင်းကြပါတယ်။
မစိမ့်ထက် ဘာကြောင့် ပြုတ်ကျသွားရတာလဲ။
The Summiter Group ရဲ့ ဖုန်ကန်ရာဇီ ဖြစ်စဉ်တွေအားလုံးကို ကြည့်ရှုပြီး (ဓာတ်ပုံ တွေ၊ ဗီဒီယိုဖိုင်တွေ)ပြောရမယ်ဆိုရင် အစပိုင်း မှာရေးခဲ့သလိုမျိုးပဲ ပေါ့ဆမှုကြောင့်ပါ။
'ဘာတွေပေါ့ဆတာလဲဗျာ' လို့မေးလာရင်ဖြင့် ခုနက ပြောသလို ရေခဲတောင် (နှင်းတောင်) တက်မယ့်ပစ္စည်းကိရိ ယာမစုံလင်တာကို တွေ့ မြင်ရသလို၊ မိမိတက်နိုင်ပြီဆိုပြီး တောင်အဆင်း မှာလျှော့တွက်ခဲ့မိလို့ အသက်တစ်ချောင်းမဆုံး ရှုံးသင့်ဘဲ ဆုံးရှုံးသွားရတာပါ။
ဘယ်သူ့မှာတာဝန်ရှိသလဲ
ဒီခရီးစဉ်ကိုဦးဆောင်ခဲ့တဲ့ ခေါင်းဆောင် ပိုင်းမှာ ရာခိုင်နှုန်း ၇၀ တာဝန်ရှိသလို လိုက်ပါ သူတွေမှာလည်း ရာခိုင်နှုန်း ၃၀ တာဝန်ရှိတယ်လို့ သုံးသပ်မိပါတယ်။
ကြိုတင်လေ့လာပြင်ဆင်ထားမှု မရှိတာကို သိသိသာသာတွေ့ရသလို ဖုန်ကန်ရာဇီတောင် ထိပ်ကိုတက်နိုင်တာနဲ့ အောင်ပြီဆိုပြီး ပျော်ရွှင် မြူးထူးစွာနဲ့ ခုန်ပေါက်ပြီး တက်နေဆင်းနေတဲ့ ဗီဒီယိုဖိုင်ကြောင့်ပါ။
အလွန်တရာနည်းပါး
တောင်ဆိုတာ ရေခဲတောင်(နှင်းတောင်) ပဲဖြစ်ဖြစ်၊ သာမန်တောင်ပဲဖြစ်ဖြစ် ယုတ်စွအဆုံး ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ပဲဖြစ်ဖြစ် တောင် တက်ရင်းအသက်ဆုံးရှုံးသူဆိုတာ အလွန်တရာ နည်းပါးပါတယ်။ (ခြွင်းချက်အနေနဲ့ စကားကို ကတ်ပြောမယ်ဆိုရင် Rock Climbing သမား တချို့ကတော့ လက်မမြဲနိုင်တော့လို့ တက်နေရင်းနဲ့ ပြုတ်ကျသေဆုံးတာတော့ ရှိတာပေါ့လေ။) တောင်တက်သမားတွေ အသက်ဆုံးရှုံးကြ တယ်ဆိုတာ အတက်မှာဖြစ်တာထက် တောင် ထိပ်ကနေအောက်ကို ပြန်ဆင်းတဲ့အချိန်မှာ ဖြစ်ကြတာအများဆုံးပါ။
ဗီဒီယိုဖိုင်
မောင်ရှင့်အသင်းသားတွေကို အမြဲတမ်း စကားတစ်ခွန်းပြောလေ့ရှိပါတယ်။ တောင် တက်တာ မိမိခံနိုင်ရည်ရှိတယ်ဆိုရင် ခုံဖိနပ် စီးပြီး ပြေးတက်ပြေးဆင်းလို့ရပါတယ်။အဆင်း ကျရင်တော့ ကျွမ်းပစ်သာမှတ်တော့ဆိုပြီး သတိ ပေးပါတယ်။ အရေးကြီးတာ တောင် ပေါ်ကနေ ပြန်ဆင်းတဲ့အချိန်မှာ အလွန်တရာကို သတိထား ရပါတယ်။ အသင်းသူ၊ သားတွေက သတိမပြု ပေါ့ဆနေရင်တောင်မှ ဦးဆောင်သူ ဒါမှမဟုတ် တာဝန်ခံပြီးခေါ်လာသူက သေသေချာချာကြပ် မတ်ရပါတယ်။ အခုလိုမျိုး ဖုန်ကန်ရာဇီရေခဲ တောင် (နှင်းတောင်)ကနေ ပစ္စည်းအင်္ဂါမစုံတဲ့ အပြင် ခုန်ပေါက်ပြီးတက်တဲ့ ဆင်းတဲ့ ဗီဒီယိုဖိုင်ကို ကြည့်မိတော့ အတော့်ကို ဘုရားတမိတာအမှန်ပါ။
အလွန်ကံကောင်း
အားမနာတမ်းပြောရရင် အသက်တစ်ချောင်း ပဲဆုံးတာ အလွန်ကံကောင်းတယ်လို့ ဆိုရမှာပါ။ နောက်တစ်ချက်က ဒီခရီးစဉ်ကို ဦးဆောင် သူရဲ့ဖေ့စ်ဘွတ်ခ်မှာ ရေးတင်ထားတဲ့ပို့စ်မှာ ဖုန်ကန်ရာဇီ တောင်ထိပ်တက်နိုင်တာကို ဂုဏ်ယူ စွာနဲ့ရေးသားထားတာကိုဖတ်ရတော့ အလွန့် အလွန် စိတ်ပျက်မိပါတယ်။ နောက်တစ်ချက်က ပြုတ်ကျသွားသူ ညီမငယ် မစိမ့်ထက်ပါ။
လေ့လာကြည့်မိသလောက် ပညာတတ်တစ်ယောက် ဖြစ်ပြီး အားကစားလိုက်စားသူတစ်ဦးဖြစ်တာကို သတိပြု မိပါတယ်။ ဒီလိုခရီးစဉ်ကို အတူလိုက်ပါသွားမယ်ဆိုရင် မိမိကိုယ်တိုင်က ဘာတွေလိုအပ်သလဲ၊ ဘာတွေပြင် ဆင်ထားရမလဲ၊ ဘာတွေသတိပြုရမလဲ ဆိုတာကိုတော့ အကြမ်းဖျင်းဖြစ်ဖြစ် လေ့လာထားသင့်တယ်လို့ ဆိုချင် တာပါ။
မောင်ရှင်တို့ မြန်မာလူမျိုးအများစုဟာ ဘုရားဟော ခဲ့တ'အတ္တာဟိ အတ္တနော နာထော- မိမိကိုယ်သာ ကိုးကွယ် ရာ'ဆိုတဲ့တရားထက် တစ်ပါးသူကို အားကိုးယုံလွယ်သူ များပါတယ်။
ဒီ့ထက်ဆိုးတာက သိနားလည်လို့ပြောတာကို လက်မ ခံချင်သူများသလို "ငါငယ်ပါသေးတယ်၊ ငါလုပ်နိုင်ပါတယ်၊ ငါလုပ်ရဲပါတယ်" ဆိုပြီး စတန့်ထွင်ချင်တဲ့စိတ်၊ ဟီးရိုးလုပ် ပြချင်တဲ့စိတ် ရှိကြသူများပါတယ်။ အထူးသဖြင့် ငယ်ရွယ် သူတွေမှာပါ။ ဒီလိုအဖြစ်အပျက်မျိုး မောင်ရှင်တို့ရဲ့ အမ်တီစီအသင်းမှာလည်း မြင်တွေ့ရပါတယ်။ ပိုဆိုးတာက ပန်းတိုင်မရောက်ခင် တက်မထောင်ချင် သူ အလွန်များပါတယ်။ တောင်ထိပ်ရောက်အောင် တက် နိုင်တာကို "ငါတော့ ဟုတ်လှပြီ"ထင်ပြီး ထင်တစ်လုံးနဲ့ ဘဝင်မြင့်သူတွေ အတော့်ကိုတွေ့ရပါတယ်။
(၃)
ဖုန်ကန်ရာဇီ သို့မဟုတ် မစိမ့်ထက်မှပေးသော သင်ခန်းစာ
The Summiter Group မှ ညီမငယ်မစိမ့်ထက် ပြုတ်ကျခဲ့တာ ဖြစ်ပျက်ပြီးတဲ့နောက်ပိုင်း တောင်တက် ဝါသနာပါသူ၊ တောင်တက်ချင်သူတွေကြားမှာ အတော့်ကို တုန်လှုပ်ချောက်ချားကုန်ကြပါတယ်။ တောင်တက်တာ ငွေကုန်ကြေးကျလည်းများပြီး အန္တရာယ်များတာပဲ။ ဘာမှ အကျိုးမရှိတဲ့အပြင် အခန့်မသင့်ရင် အသက်တောင် ဆုံးရှုံး နိုင်တယ်ဆိုပြီး တွေးထင်ကြောက်လန့်သူတွေ အတော့်ကို များလာပါတယ်။ ဟုတ်ပါတယ်၊ တောင်တက်တာ ခန္ဓာကိုယ် လည်း ပင်ပန်း၊ ငွေကုန်ကြေးကျလည်းများသလို အန္တရာယ် လည်းများလှပါတယ်။ သို့ပေမယ့် တောင်တက်တာကို လူတွေ ဘာကြောင့်လုပ်လာကြသလဲဆိုတော့ ကျန်းမာရေး ကောင်းမွန်တဲ့အချက်တွေကြောင့်ပါ။
တောတောင်တွေဆီခရီးသွားမယ်ဆိုရင် သဘာဝ ပတ်ဝန်းကျင်ရဲ့ လေကောင်းလေသန့်တွေ ရှူရှိုက်ခွင့်ရလို့ ကျန်းမာရေးကောင်းလာသလို ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်း လာရုံသာမက 'ငါလုပ်နိုင်ခဲ့ပါလား' ဆိုတဲ့စိတ်နဲ့ မိမိကိုယ် ကိုယ်ယုံကြည်တက်ကြွမှုတွေရရှိလာပါတယ်။ နောက်ပြီး မိတ်ဆွေစစ် မိတ်ဆွေမှန်တွေလည်း ရရှိလာသလို ဒေသန္တရ ဗဟုသုတတွေလည်း အများကြီးရစေပါတယ်။
တောင်တက်ခြင်းကြောင့်–
– သွေးတိုးကျစေပါတယ်။
– နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေ ပါတယ်။
– အရိုးပါး၊ အရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေး ပါတယ်။
– ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ထိန်းချုပ်ပေး
ပါတယ်။
– အရိုးအဆစ်ရောင်နာမဖြစ်အောင် ကာကွယ်ပေး ပါတယ်။
– ခါးနာတဲ့ဝေဒနာကို သက်သာစေပါတယ်။
– ကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးပါတယ်။
– ခန္ဓာကိုယ်ကနေဗီတာမင်ဒီတွေကို များများစုပ်ယူပေး ပါတယ်။
– စိတ်ဓာတ်သန်စွမ်းကြံ့ခိုင်စေပါတယ်။
ဒါကြောင့် အခုခေတ်မှာ လူတော်တော်များများဟာ တောင်တက်တာကို အတော့်ကိုလုပ်ဆောင်လာကြတာပါ။ အရေးကြီးတာက ပေါ့ပေါ့ဆဆနဲ့ မလုပ်ဆောင်မိကြဖို့ပါပဲ။
ဂျပန်လိုနောက်တစ်ခါထပ်ပြောရရင် ယာမကို နာမဲ လူနာ..( "ဒီတောင်လေးများကွာ" ဆိုပြီး လျှော့မတွက် မိဖို့၊ ဒါမှမဟုတ် မထီမဲ့မြင်မလုပ်မိဖို့ လိုပါတယ်။) မောင်ရှင် တို့ အမ်တီစီအသင်းဟာ နှစ်စဉ်နှစ်တိုင်း ဖူဂျီတောင်ကို တစ်နှစ်တစ်ခါတက်ကြသလို လစဉ်လတိုင်းလည်း (နွေ၊ မိုး၊ ဆောင်း) ဂျပန်ရဲ့နာမည်ကြီးတောင်တွေကို တက်ကြ ပါတယ်..။ လိုက်ပါကြတဲ့သူတိုင်းကို 'တောင်တိုင်းကို လျှော့မတွက်နဲ့'၊ 'ပစ္စည်းစုံမှ၊ ပြောစကားနားထောင်မှ လိုက်ခဲ့'ဆိုပြီး စည်းကမ်းချက်ထုတ်ထားပါတယ်။ တောင်တိုင်းကိုလျှော့တွက်မယ်..(ယာမကို နာမဲလူ နာရ)ဆိုရင် သေမယ်(ရှင်းကျောက်ရော)ဆိုပြီး ပြတ်ပြတ် သားသားသတိပေးပါတယ်။
ပြောစကားနားမထောင်ချင်သူ၊ တောင်တက်ပစ္စည်း အင်္ဂါမစုံသူဆိုရင် အားမနာပါဘူး။ ငါတို့ပြန်လာတဲ့အထိ စောင့်ဆိုပြီး တောင်ခြေမှာပဲထားခဲ့ပါတယ်။ စိတ်ကောက်ပြီး ပြန်သွားရင်လည်း ဘယ်သူမှလိုက်မဆွဲပါဘူး။
ထို့အတူ မောင်ရှင်အပါအဝင် အမ်တီစီရဲ့ ခေါင်းဆောင် တွေကလည်း သေသေချာချာပြင်ဆင်လေ့လာကြသလို ခက်ခဲတဲ့ တောင်တွေဆိုရင် တာဝန်ခံတွေကြီးပဲ အရင် တက်ကြည့်ပြီးမှ အားလုံးကိုခေါ်သင့်မခေါ်သင့်ဆုံးဖြတ် ပါတယ်..။
(မောင်ရှင်တို့ အမ်တီစီအသင်းမှာ အသက်အငယ်ဆုံး တောင်တက်သမားက ငါးနှစ်ကလေး ဟာလူတိုဖြစ်ပြီး အသက်အကြီးဆုံးကတော့ ၇၂ နှစ် နာရာစံဆိုတဲ့ ဂျပန် တောင်တက်သမားကြီးဖြစ်ပါတယ်။)
ဒါကြောင့် ထပ်ပြီးသတိပေးချင်တာက 'ယာမကို နာမဲ နိုင်းနဲ' (တောင်တိုင်းကို ပေါ့ပေါ့ဆဆနဲ့ လျှော့မတွက်ကြ ပါနဲ့..)
'အသက်ကို ဉာဏ်စောင့်' ပါတယ်။
နိဂုံး
တောင်တက်တယ်ဆိုတာ ကျန်းမာရေးအရသော်လည်း ကောင်း၊ မိတ်ဆွေစစ် မိတ်ဆွေမှန်တိုးပွားလာဖို့အရသော် လည်းကောင်း၊ အတွေးသစ်၊ အမြင်သစ်၊ ပတ်ဝန်းကျင် ဗဟုသုတသစ်ရဖို့အတွက်သော်လည်းကောင်း အလွန် ကောင်းမွန်တဲ့ကိစ္စပါ။
အရေးကြီးတာက 'မပေါ့ဆ'ဖို့ပါ။
အပျော်တမ်းပဲဖြစ်ဖြစ်၊ ဝါသနာပါလို့ပဲဖြစ်ဖြစ် တောင် တက်တော့မယ်ဆိုရင်ဖြင့် ဒီစကားကို လက်ဆောင်ပါးပါရစေ။ "တောင်တက်သမားတစ်ယောက်ရဲ့အောင်မြင်မှု ပန်း တိုင်ဆိုတာ တောင်ထိပ်ရောက်အောင် တက်နိုင်ခြင်း မဟုတ်ပါဘူး။ တက်ခဲ့တဲ့ အဆိုပါတောင်ထိပ်ကနေ မူလ နေရာဖြစ်တဲ့ မြေပြင်ကို ဘေးမသီရန်မခဘဲ ပြန်ရောက် တော့မှ တကယ့်ကို ပြီးပြည့်စုံတဲ့ အောင်မြင်မှုလို့ သတ်မှတ် ရမှာဖြစ်ပါတယ်။"
























