အင်းဒင်ကျေးရွာ၌ ဘင်္ဂါလီ ၁၀ ဦးသတ်ဖြတ်ခံရမှုတွင် ပါဝင်ပတ်သတ်ခဲ့သည်ဆိုကာ ထိန်းသိမ်းထားသည့် တပ်မတော်သား ၇ ဦးကို လက်ရှိတွင် ဖမ်းဆီးထားခြင်းမရှိတော့ကြောင်း အကျဉ်းဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက မေ ၂၇ ရက်တွင် နေပြည်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
"ကျွန်တော်တို့ အကျဉ်းထောင်မှာ အဲ့ဒီတပ်မတော်သား ၇ ဦးနဲ့ပတ်သတ်လို့ အင်းဒင်ကိစ္စနဲ့ပတ်သတ်ပြီးတော့ ကျွန်တော်တို့ ထိန်းသိမ်းထားတာ မရှိတော့ပါဘူး ခင်ဗျ" ဟု၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မောင်တောဒေသကို အာဆာအဖွဲ့(ARSA)ကအကြမ်းဖက် တိုက်ခိုက်ခံရစဉ်ကာလက ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာ၌ ဖမ်းဆီးထားသော ဘင်္ဂါလီ ၁၀ ဦးသတ်ဖြတ်ခံရသည်ဆိုသည့် ဖြစ်စဉ်အတွင်း ပါဝင်ပတ်သတ်ခဲ့သည်ဆိုသည့် တပ်မတော်သား ၇ ဦးအား ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။
ယင်းတပ်မတော်သား ၇ ဦးမှာ ပြန်လည်လွတ်မြောက်သွားပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြခဲ့ရာ မေ ၂၇ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အကျဉ်းဦးစီးဌာနက အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ခေတ္တအမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက "ဒါကတော့ လွတ်ငြိမ်းချမ်းသာခွင့် ရတဲ့ကိစ္စတွေဖြစ်ပါတယ်။ဒီလွတ်ငြိမ်းချမ်းသာခွင့်ဆိုတာကလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော်သမ္မတ ကနေပြီးတော့ပဲ ပေးလို့ရတဲ့ကိစ္စတွေဖြစ်ပါတယ်။ ဒီလွတ်ငြိမ်းချမ်းသာထဲမှာ ပါကောင်းလည်း ပါသွားနိုင်ပါတယ်။" ဟု ပြန်လည်ဖြေကြားခဲ့သည်။
ရိုက်တာသတင်းဌာန၏ သတင်းဖော်ပြမှုတွင် အဆိုပါတပ်မတော်သား ၇ ဦးသည် အပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး တစ်နှစ်ပင် မကြာခဲ့ဘဲ၂၀၁၈ နိုဝင်ဘာလကတည်းကပင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြပါရှိသည်။ အင်းဒင်ရွာ၌ ဘင်္ဂါလီများအသတ်ခံရမှုကို စုံစမ်းဖော်ထုတ်ခဲ့သည့် ရိုက်တာသတင်းထောက်နှစ်ဦးမှာလည်း နိုင်ငံတော်လိျှဝှက်ချက် ဖော်ထုတ်သည်ဟုဆိုကာ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရပြီးနောက် မေ ၇ရက်တွင် နိုင်ငံတော်သမ္မတ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။















