တရုတ်နိုင်ငံရှိ စတော်ဘယ်ရီစိုက်ခင်းတွင် အလုပ်ရမည်ဟု ပြောဆိုကာ တရုတ်မယားအဖြစ် ရောင်းချခဲ့သူများကို သက်ဆိုင်ရာက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဖြင့် မေ ၂၇ ရက်တွင် အမှုဖွင့်အရေးယူထားသည်။
အဆိုပါနေ့ နံနက် ၉ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၌ တရုတ်မယားအဖြစ် ရောင်းစားခံရသည့် အမျိုးသမီး ပြန်လည်ရောက်ရှိလာကြောင်းသတင်းအရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဌာနစုမှ ရဲအုပ်ကျော်စွာမြင့်နှင့်အဖွဲ့က သွားရောက်မေးမြန်းခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ လူကုန်ကူးခံရသူ အမျိုးသမီးမှာ အသက် ၂၇ နှစ်အရွယ် နှင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးညီမဝမ်းကွဲတော်စပ်သူ နှစ် ဦးဖြစ်ကြောင်းသိရသည်။
၃၅ နှစ်အရွယ် အမျိုးသမီးသည် ယခုနှစ် ဖေဖော်ဝါရီလအတွင်း ခင်ပွန်းဖြစ်သူနှင့် စကားများ ရန်ဖြစ်ခဲ့ပြီးနောက် ၄င်းတို့ ညီအစ်မနှစ်ဦးက တစ်ရပ်ကွက်တည်းနေ မနွဲ့ရီ၏ အိမ်သို့ သွားရောက် နေထိုင်ခဲ့သည်။
နောက်တစ်ရက်တွင် မနွဲ့ရီ၏ မိတ်ဆက်ပေးမှုကြောင့် တစ်ရပ်ကွက်တည်းနေ မိဦး(ခ)ဝတုတ်မနှင့် သိကျွမ်းခဲ့သည်။
တရုတ်နိုင်ငံရှိ စတော်ဘယ်ရီ စိုက်ခင်းတွင် လုပ်ကိုင်ရန် မနွဲ့ရီကို မိဦး(ခ) ဝတုတ်မက လာရောက်ခေါ်ယူခြင်းဖြစ်ကြောင်း၊ မနွဲ့ရီက လောလောဆယ် မလိုက်နိုင်သေးကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
အလုပ်မှာ ဝင်ငွေကောင်းသောလုပ်ငန်းဖြစ်ပြီး တစ်နှစ်ခွဲစာချုပ်ဖြင့်လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊တရုတ်နိုင်ငံသို့ ရောက်ပြီး တစ်ပတ်ကြာပါက အလုပ်ရှင်မှ ကြိုတင်ငွေသိန်း ၂၀ ခန့်ကို ထုတ်ပေးမည်ဖြစ်ပြီး ၄င်းငွေများကို မနွဲ့ရီထံ ပို့ပေးမည်ဖြစ်ကာ မိသားစုထံ ပြန်လည်ပို့ပေးမည်ဖြစ်ကြောင်း ၄င်းတို့ညီအစ်မနှစ် ဦးကို လိုက်ပါရန် စည်းရုံးပြောဆိုခဲ့ခြင်းဖြစ်သည်။
အလုပ်ရှာပေးရသည့်အတွက် တစ်ဦးလျှင် ဝန်ဆောင်ခ ကျပ် ၅ သိန်းပေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဓာတ်ပုံရိုက်ကာ ဗိုက်ဘာမှတစ်ဆင့် တစ်ရပ်ကွက်တည်းနေသူ တရုတ်လူမျိုးအလုပ်ရှင် ၏ကိုယ်စားလှယ် ရခိုင်မ(ခ)ပုရှည်ထံသို့ ပို့ ပေးခဲ့သည်။
နောက်တစ်ရက်တွင် ရခိုင်မ(ခ)ပုရှည် မအားသဖြင့် ၄င်း၏ မတ်တော်စပ်သူ ချစ်မင်းလွင်နှင့် မိဦး(ခ) ဝတုတ်မတို့က အောင်မင်္ဂလာကားဝင်းမှ တစ်ဆင့် မူဆယ်မြို့သို့ခေါ်ဆောင်သွားခဲ့သည်။
မူဆယ်မြို့သို့ ရောက်ရှိပြီးနောက် တရုတ်နိုင်ငံရွှေလီမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး တည်းခိုခန်းတစ်ခုတွင် ချစ်မင်းလွင် က ၄င်းတို့ ညီမ နှစ်ဦးကို ဓာတ်ပုံရိုက်ကာ တရုတ်လူမျိုးများထံ အင်တာနက်မှတစ်ဆင့် ပို့ပေးခဲ့ပြီး ဖုန်းဆက်စကားပြောဆိုခဲ့သည်။
နောက်တစ်နေ့ နံနက်တွင် ၄င်းတို့ တည်းခိုသည့် တည်းခိုခန်းသို့ ရခိုင်မ(ခ)ပုရှည် လွှတ်ပေး လိုက်သည့် ရခိုင်အမျိုးသမီးနှစ်ဦးထပ်မံ ရောက်ရှိခဲ့သည်။
ချစ်မင်းလွင်၏ ဆက်သွယ်မှုကြောင့် တရုတ်အမျိုးသားတစ်ဦး ကားဖြင့်ရောက်လာပြီး ၄င်းတို့လေးဦးကို လိုက်သွားရန်နှင့် အလုပ်ရှင်ထံသို့ ပို့ဆောင်ပေးမည့်သူဖြစ်ကြောင်း ချစ်မင်းလွင်နှင့် မိဦး(ခ)ဝတုတ်မ တို့က ပြောဆိုခဲ့သည်။
၄င်းတို့ ၅ ရက်ခန့် ကားစီးခဲ့ပြီးနောက် တရုတ်နိုင်ငံရှိ (အမည်မသိ)သည့် မြို့သို့ရောက်ရှိခဲ့ပြီး မြန်မာလူ မျိုး ဒေါ်အားရှား(စိစစ်ဆဲ)နေအိမ်သို့ရောက်ရှိခဲ့ကာ ၄င်းနေအိမ်တွင် မစန်းစန်းနွယ် ဆိုသူ အမျိုးသမီးကို တွေ့ရှိခဲ့သည်။
အဆိုပါနေအိမ်တွင်ရှိနေသည့် တရုတ်နိုင်ငံသားတစ်ဦးက ရခိုင်မ(ခ)ပုရှည် ကို အင်တာနက်မှ တစ်ဆင့် ဆက်သွယ်ပြီး ၄င်းတို့လေးဦးရောက်ရှိကြောင်းပြောဆိုခဲ့ပြီး ၄င်းတို့နှင့်လည်း ဖုန်းဆက် သွယ် ပြောဆိုခိုင်းခဲ့သည်။
ရခိုင်မ(ခ) ပုရှည်က ၄င်းတို့ရရန်ရှိသည့် ငွေများကို မိဦး(ခ)ဝတုတ်မမှ တစ်ဆင့် မိသားစုထံ ပေးပို့ မည်ဖြစ်ကြောင်း စည်းရုံးပြောဆိုခဲ့သည်။
နောက်ရက်တွင် ရခိုင်အမျိုးသမီးနှစ်ဦးကို ဒေါ်အားရှားမှ အပြင်သို့ခေါ်သွားခဲ့ပြီးနောက် ဒေါ်အားရှားတစ်ဦးတည်း နေအိမ်သို့ပြန်လာခဲ့ကြောင်း၊ အဆိုပါနေအိမ်တွင် ၃ ရက်ခန့်နေထိုင်ပြီး ၄င်းတို့ ညီအစ်မ နှစ်ဦးနှင့် မစန်းစန်းနွယ်တို့ သုံးဦးကို စကားပြန်အမျိုးသမီးနှင့် တရုတ်အမျိုးသားနှစ်ဦးတို့က ကားဖြင့်လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။
အသက် ၂၇ နှစ်အရွယ် ညီမဖြစ်သူကို တရုတ်အမျိုးသားတစ်ဦးနေအိမ်တွင် ထားခဲ့ပြီး အသက် ၃၅ နှစ်အရွယ် အစ်မနှင့် မစန်းစန်းနွယ်တို့ နှစ်ဦးကို အခြားတရုတ်အမျိုးသားများထံ လိုက်လံပြသခဲ့သည်။
၄င်းတို့နှစ်ဦးသည် အသက် ၃၀ ကျော်သူများဖြစ်ပြီး အိမ်ထောင်ရှင်များဖြစ်သောကြောင့် တရုတ်အမျိုး သားများက မကြိုက်သဖြင့် အဆိုပါနေ့တွင် တည်းခိုခန်း၌ ညအိပ်ခဲ့ရသည်။
နောက်ရက်တွင် အသက် ၂၇ နှစ်အရွယ် ညီမဖြစ်သူကိုထားခဲ့သည့် နေအိမ်သို့ သွားရောက်ခဲ့ရာ အဆိုပါနေအိမ်တွင် တရုတ်မယားအဖြစ်နေထိုင်ခဲ့ရကြောင်းသိရပြီး စကားပြန်နှင့် တရုတ်အမျိုးသားနှစ်ဦးတို့က အိမ်ရှင်နှင့်ငွေကြေးကိစ္စများပြောဆိုခဲ့ကြသည်။
ထိုသို့ ငွေကြေးကိစ္စပြောဆိုစဉ် ၄င်းတို့ ညီအစ်မ ၂ ဦးကို ရခိုင်မ(ခ)ပုရှည်နှင့် မိဦး(ခ)ဝတုတ်တို့က မြန်မာငွေကျပ်သိန်း ၂၀ဝ နှင့်ညီမျှသည့် ငွေနှင့်တရုတ်မယားအဖြစ်လုပ်ကိုင်ရန် ရောင်းစားခံရမှန်း သိရှိခဲ့ရသည်။
အသက် ၃၅ နှစ် အရွယ် အစ်မနှင့် မစန်းစန်းနွယ်တို့အတွက် တရုတ်အမျိုးသားများ ရှာဖွေနေစဉ် အသက် ၂၇ နှစ်အရွယ် ညီမဖြစ်သူကို တရုတ်ရဲများက ခေါ်ဆောင်လာပြီး ၄င်းတို့ သုံး ဦးကို ဖမ်းဆီးထားခဲ့သည်။
တရုတ်ရဲစခန်းတွင် ၂ လခန့်ဖမ်းဆီးချုပ်နှောင်ခံရပြီး မေ ၂၃ ရက်တွင် ရန်ကုန်သို့ပြန်လည် ရောက်ရှိခဲ့သည်။
ရန်ကုန်သို့ ပြန်ရောက်စဉ် ပွဲစားများပေးအပ်သည့် ငွေများကို မိသားစုဝင်များက မရရှိကြောင်း ပြောပြသိရှိရသဖြင့် တစ်ဦးလျှင်အလုပ်ရှင်မှကြိုထုတ်ပေးသည့် ငွေကျပ်သိန်း ၂၀ မှ ဝန်ဆောင်ခ ၅ သိန်းစီနှုတ်ယူ၍ ကျန်ငွေများကို မိသားစုထံပို့ပေးမည်ဟု စည်းရုံးပြောဆိုခဲ့သည်ဆိုသူ မနွဲ့ရီ(၃၃ နှစ်)၊ မိဦး(ခ)ဝတုတ်မ၊ရခိုင်မ(ခ)ပုရှည်မ၊ ချစ်မင်းလွင်နှင့် ဒေါ်အားရှား (စိစစ်ဆဲ)တို့ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။
သောင်ကြီးနယ်မြေရဲစခန်းက လူကုန်ကူးမှု ဥပဒေပုဒ်မ ၂၄/၃၂ အရ ၄င်းတို့ ကို အမှုဖွင့်အရေးယူထားသည်။
















