အင်းစိန်တွင် အမျိုးသားနှစ်ဦးကို ဝိုင်းရိုက်သူများအား အရေးယူ

အင်းစိန်တွင် အမျိုးသားနှစ်ဦးကို ဝိုင်းရိုက်သူများအား အရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် တွင် အမျိုးသားနှစ်ဦးကို ဝိုင်းဝန်းရိုက်နှက်ခဲ့သူများအား ဖော်ထုတ်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့မေ၂၈ရက်၌ သတင်းထုတ်ပြန်သည်။
 

ဖြစ်စဉ်မှာ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ ဦးသီဟ(၅၆)နှစ် နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်နေ ကိုသက်နိုင်ထွန်း (၃၉)နှစ်တို့နှစ်ဦးသည် မေ ၂၅ ရက် ည ၈ နာရီ မိနစ် ၄၀ ခန့်က ဖော့ကန်ကားမှတ်တိုင်အနီးရှိ ထမင်းဆိုင်တွင် ထမင်းစားပြီး ပြန်ထွက်လာစဉ် အမည်မသိအမျိုးသားများက “မင်းလား သီဟ” ဟုပြောဆို၍ ဝိုင်းဝန်း ထိုးကြိတ်ရိုက်နှက်ခဲ့သဖြင့် ဦးသီဟနှင့် ကိုသက်နိုင်ထွန်း တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသခဲ့ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အင်းစိန်မြို့မရဲစခန်းက(ပ)၁၃၃၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/ ၁၁၄ ဖြင့် အမှုဖွင့်ပြီး
တရားခံများအား စုံစမ်းဆောင်ရွက်ခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း သတင်းရယူ စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ဗောဓိညောင်ပင်လမ်း တွင်ရှိသော အောင်မြန်မာဓာတ်တိုင်လုပ်ငန်းမှ အလုပ်သမားများဖြစ်သူ ရွှေပြည်သာမြို့နယ်၊ ရေကျော်အိုင်ကျေးရွာနေ ကိုပေါက်(ခ)ကျော်ဇောမင်း(၃၇)နှစ်၊ ရွှေပြည်သာမြို့နယ်နေ အောင်သီဟ (ခ)သီဟ(၂၄)နှစ်၊ ကျော်နိုင်(၃၇)နှစ်၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ တင်မျိုးဝင်း(ခ) အာကြီး(၂၉)နှစ်၊ တညင်းကုန်းရပ်ကွက်နေ ဇော်မင်း(ခ)တော်ကီ(၃၈)နှစ်တို့ဖြစ်ကြောင်း သိရှိရ သဖြင့် မေ ၂၇ ရက်တွင် ၎င်းတို့ငါးဦးကို ခေါ်ယူစစ်ဆေး ခဲ့သည်။

ထိုသို့ စစ်ဆေးခဲ့ရာ ထမင်းဆိုင်အတွင်း ဦးသီဟ၊ ကိုသက်နိုင်ထွန်းတို့နှစ်ဦးနှင့် စကားများခဲ့သည့် ကိစ္စအားမကျေနပ်သဖြင့် ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး အမှုဖြင့်ဆက်လက်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။