ရန်ဖြစ်စဉ်ဓားဖြင့်ထိုးပြီး ရွှေဆွဲကြိုးလုယူထွက်ပြေးသူသုံးဦးကို ဖမ်းမိ

ရန်ဖြစ်စဉ်ဓားဖြင့်ထိုးပြီး ရွှေဆွဲကြိုးလုယူထွက်ပြေးသူသုံးဦးကို ဖမ်းမိ

တောင်ငူမြို့နယ်တွင် စကားများရန်ဖြစ်စဉ် ဓားဖြင့်ထိုးပြီး ရွှေဆွဲကြိုးလုယူထွက်ပြေးသူ သုံးဦးကို ဖမ်းဆီးခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းမှ ယနေ့မေ၂၉ ရက် တွင် သိရသည်။

ဖြစ်စဉ်မှာ မေ၂၆ ရက်ည ၁၁ နာရီခန့်တွင် တောင်ငူမြို့နေ ဦးဌေးအောင်သည် ၄င်းဖွင့်လှစ်ထားသည့် ကုန်ခြောက်ဆိုင်၌ရှိနေစဉ် လွန်ခဲ့သော ၁၀ ရက်ခန့်က ဆိုင်တွင် အလုပ်လုပ်ကိုင်သူ မဂျူးနီက ရည်းစားဖြစ်သူနှင့် ခိုးရာလိုက်သွားခဲ့သည်။

အဆိုပါကိစ္စဖြစ်ပွားပြီးနောက် မဂျူးနီက ၄င်း၏ ခင်ပွန်းနှင့် စကားများနေကြောင်း ဦးဌေးအောင်ကို ဖုန်းဖြင့်ဆက်သွယ် ကာ (၂၀)ရပ်ကွက်၊ မိုင်ဒါကွင်းအတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်အနီးသို့လာရောက်ရန် ဖုန်းဆက်ခေါ်ခဲ့သည်။

မဂျူးနီကဖုန်းဆက်ခေါ်သဖြင့် ဦးဌေးအောင်ကအဆိုပါကျောက်တိုင်အနီးသို့ သွားရောက်ခဲ့သည်။ထိုသို့သွားရောက်စဉ် မဂျူးနီ ကိုလာရောက်တောင်းရမ်းမယူသည့်ကိစ္စနှင့်ပတ်သက်၍ မဂျူးနီ၏ ခင်ပွန်းဆိုသူနှင့် ဦးဌေးအောင်တို့ စကားများရန်ဖြစ်ခဲ့သည်။
ရန်ဖြစ်စဉ် မဂျူးနီ၏ခင်ပွန်းဆိုသူနှင့် အတူပါလာသူ သူငယ်ချင်းတို့က အရိုးအသွား(၁၂)လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ထိုးခုတ်ခဲ့သဖြင့် ဦးဌေးအောင် သတိလစ်မေ့လဲကျသွားခဲ့ သည်။

ထိုသို့လဲကျစဉ် ဦးဌေးအောင် ဝတ်ဆင်ထားသည့် ကျပ် ၁၃ သိန်းတန် ရွှေဆွဲကြိုးတစ်ကုံးကိုယူဆောင်သွားသဖြင့် မဂျူးနီ၊၄င်း၏ခင်ပွန်းနှင့် သူငယ်ချင်းတို့ကို အရေးယူပေးရန် ဦးဌေးအောင်၏ ယောက်ဖဦးဇော်မိုးဟန်က သက်ဆိုင်ရာသို့ မေ ၂၇ ရက်တွင် တိုင်ကြားခဲ့သည်။

သက်ဆိုင်ရာက(ပ)၆၈၉/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄ အရ အမှုဖွင့်စုံစမ်းခဲ့သည်။အမှုတွင်ပါဝင်သူ မဂျူးနီ၊ ခင်ပွန်းဖြစ်သူ ငြိမ်းသူ(ခ)မှေးကြီး (၂၁ နှစ်)နှင့် ၄င်း၏ သူငယ်ချင်း မင်းသန်းဝင်း(ခ) မင်းသန့် (၃၄ နှစ်) တို့သည် တောင်ငူမြို့နယ်အတွင်းတိမ်းရှောင်နေစဉ် သက်ဆိုင်ရာက မေ ၂၈ ရက်၌ ဖမ်းဆီးရမိခဲ့သည်။