အမြန်လမ်းမကြီး မိုင်တိုင် ၁၅၂ ရဲကင်းတွင် တာဝန်ကျသည့်ရဲ ဒဏ်ရာများဖြင့် သေဆုံး

အမြန်လမ်းမကြီး မိုင်တိုင် ၁၅၂ ရဲကင်းတွင် တာဝန်ကျသည့်ရဲ ဒဏ်ရာများဖြင့် သေဆုံး

ရန်ကုန် - နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင် ၁၅၂  ရဲကင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သားတစ်ဦး ဒဏ်ရာများဖြင့်သေဆုံးခဲ့မှု ယနေ့မေ ၂၉ ရက်က ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက အတည်ပြုပြောကြားသည်။

အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၁၅၂ မိုင် ၃ ဖာလုံ ဇီးပင်သာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့၌ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သားအောင်ဖြိုးဝေမှာ ရွာသစ်ရဲကင်းတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ယနေ့ နံနက်ပိုင်း၌ သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

" ဖြစ်စဉ်ကို စုံစမ်းနေတဲ့ အတွက်ကြောင့် လက်တလောပြောဖို့ မလွယ်ကူသေးဘူး။ သူ့ရဲ့ ဖုန်းနဲ့ ဆိုင်ကယ်တော့ လုယူခံရတယ်" ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူ ရဲတပ်သား အောင်ဖြိုးဝေ၏ အလောင်းကို ယနေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ဆေးရုံကြီးသို့ ပို့အပ်ခဲ့ပြီး သက်ဆိုင်ရာက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။