လှိုင်သာယာမြို့နယ်အတွင်း ခရီးသည်လင်မယား နှစ်ဦးကို ဓားဖြင့်ထိုးကာ ရွှေထည်ပစ္စည်းကျပ် ၄၆ သိန်းကျော်ဖိုးလုယူခဲ့သူ လေးဦးကို မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့က ယနေ့မေ ၂၉ ရက်တွင် ဖမ်းဆီးရမိ ခဲ့သည်။
ဖြစ်စဉ်မှာ မေ ၂၈ ရက် နံနက် ၄ နာရီ မိနစ်၄၀ ခန့်တွင် ရွှေပြည်သာမြို့ နယ်နေ ဒေါ်ဌေးဌေးသန်းသည် ခင်ပွန်းဖြစ်သူနှင့်အတူ (၁၄)လမ်းဆုံမှ ဒဂုံဧရာအဝေးပြေးဝင်းသို့သွားရန် Light Truck အငှားယာဉ်ဖြင့် လိုက်ပါလာစဉ် အဆိုပါယာဉ်ပေါ်ပါသူသုံးဦးက ခင်ပွန်းကို ဓားဖြင့်ထိုး၊ ဖိနပ်ဖြင့်ရိုက်ကာ ရွှေထည်ပစ္စည်းကျပ် ၄၆၆၀ဝ၀ဝ ဖိုးခန့်ကို လုယူခဲ့သည်။
ရွှေလင်ပန်းစက်မှုဇုန်၊ ကစင်ကျေးရွာ၊ ဒေါ်ဖွားရှင်လမ်း၊ သွပ်ပြားစက်ရုံရှေ့တွင် ၎င်းတို့အား ချထားခဲ့ကာ ယာဉ်ကိုမောင်းနှင်ထွက်ပြေး သွားခဲ့သည်။
အဆိုပါအမှုကို လှိုင်သာယာမြို့မရဲစခန်းက(ပ)၃၂၂၈/၁၉၊ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၉၄ အရ အမှုဖွင့်စုံစမ်းခဲ့ရာ အခင်းဖြစ်ပွားစဉ်က အသုံးပြုခဲ့သည့် YGN 8C-4--- (Light Truck) ယာဉ်သည် လှိုင်သာယာမြို့နယ်၊ (၁၆)ရပ်ကွက်၊ ဇေယျာသီရိ(၁)လမ်းရှိ အမှတ်မရှိ အဆောင်၌ ရပ်ထားကြောင်းသတင်း ရရှိခဲ့သည်။
သတင်းအရ သက်ဆိုင်ရာက ဝင်ရောက်ဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့သူ ကျော်ထက်လင်း(ခ)ကိုထက်၊ ခန့်စည်သူ(ခ)ဗိုက်ပေါက်၊ အောင်တင်မြင့်ထွေး(ခ) မြတ်သူစိုး(ခ) အောင်လေး နှင့် အေးရှင်းအောင်(ခ)အဝယ်တော် တို့လေးဦးကို လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

















