အခုတလောလူပြောသူပြောအများဆုံးကျန်းမာရေးဆိုင်ရာကိစ္စကပုဂ္ဂလိကဆေးရုံမှာသားအိမ်ခြစ်တာကနေအသက်ဆုံးရှုံးသွားရတဲ့ အမျိုးသမီးတစ်ဦးအကြောင်းပါ။ သတင်းကြားတဲ့သူတွေ အဖို့တောင် စိတ်မကောင်းစရာကောင်းတယ်ဆိုမှတော့ မိသားစုဝင်တွေအတွက်မှာဝမ်းနည်းကြေကွဲရမှုကအတိုင်းအဆမဲ့မှာပါပဲ။
ဒီသတင်းလေးလည်းကြားပြီးရောဒီလို သားအိမ်ခြစ်တာဟာအသက်ဆုံးရှုံးရလောက်တဲ့အထိကြောက်ဖို့ကောင်းတဲ့အရာတစ်ခုလား။ သူကဘယ်လိုပုံစံမျိုးခွဲစိတ်မှုလဲ။ သူ့ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကရောဘာတွေလဲ ။ သားအိမ်ခြစ်ပြီးဘယ်လိုနေထိုင်ဆင်ခြင်ရမလဲဆိုတဲ့ မေးခွန်းတွေ လူတိုင်းအတွေးထဲမှာနေရာယူထားလိမ့်မယ်လို့ ထင်ပါတယ်။
သားအိမ်ခြစ်တယ်ဆိိုတာဘာလဲ ။ ။
သားအိမ်ခြစ်တယ် ဆိုတာ ကိုယ်ဝန်ပျက်ကျတဲ့သူအများစုခံယူဖူးတဲ့ကုသမှုတစ်မျိုးပါ။ ဆေးပညာအရ သားအိမ်ခြစ်တာကို dilation and curettage D & C လို့ခေါ်ပါတယ်။ dilation ဆိုတာချဲ့ထွင်တာလို့ အဓိပ္ပါယ်ရပြီး curettage ကတော့ ဇွန်းပုံသဏ္ဍာန်ရှိတဲ့ ကိရိယာနဲ့ခြစ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီတော့ dilation and curettage ဆိုတာ သားအိမ်ခေါင်းကိုကျယ်သွားအောင် ချဲ့လိုက်တာဖြစ်ပြီးသားအိမ်ထဲမှာရှိနေတဲ့ တစ်ရှူးအသားစတွေကို ခြစ်တာဖြစ်ပါတယ်။ သားအိမ်ခြစ်တာဟာဆေးရုံဆေးခန်းတွေမှာလုပ်ကြတဲ့ အသေးစားခွဲစိတ်မှု တစ်ခုပါ။
သားအိမ်ခြစ် ဘာ့ကြောင့် ခြစ်ကြတာလဲ ။ ။
သားအိမ်ခြစ်တာကိုဆေးကုသမှုတစ်ခုအနေနဲ့ရော ၊ ရောဂါကိုစစ်ဆေးအဖြေရှာဖို့အတွက်ရောအသုံးပြုကြပါတယ်။ သားအိမ်ခြစ်ဖို့ မခြစ်ဖို့ဆိုတာဆရာဝန်တွေကသာဆုံးဖြတ်ပါတယ်။ သားအိမ်ခြစ်ပြီးရောဂါကိုအဖြေရှာ၊ ရောဂါကိုကုသသင့်တဲ့ အခြေအနေတွေကတော့
• ရာသီသွေးတအားများရတဲ့ အကြောင်းအရင်းကိုသိဖို့
• fibroids လို့ခေါ်တဲ့ ကင်ဆာ မဟုတ်တဲ့ သားအိမ်တွင်းကအသားလုံးတွေကိုခြစ်ထုတ်ဖို့
• သားအိမ်တွင်းမှာရှိနေတဲ့ ကင်ဆာဖြစ်ဖို့ အလားအလာများနေတဲ့ အသားလုံးတွေကိုစစ်ဆေးဖို့ ခြစ်ထုတ်ဖို့
• pelvic inflammatory disease(PID) လို့ခေါ်တဲ့ လိင်ဆက်ဆံရာမှ ကူးစက်တတ်တဲ့ရောဂါ ကြောင့်ဖြစ်နေတဲ့ ရောင်နေတဲ့ ပိုးဝင်နေတဲ့ အသားစတွေကိုခြစ်ထုတ်ဖို့
• ကိုယ်ဝန်ပျက်ကျပြီးကျန်နေခဲ့တဲ့ သန္ဓေသားအစလေးတွေကို ခြစ်ထုတ်ဖို့ နဲ့
• ဗိုက်ထဲကရင်သွေးလေးမှာချို့ယွင်းချက်ရှိနေလို့ ( ဒါမှမဟုတ်) ကိုယ်ဝန်ကြောင့် မိခင်ရဲ့ ကျန်းမာရေးအခြေအနေဆိုးရွားနေတဲ့ ကိစ္စတွေမှာဆိုရင် ကိုယ်ဝန်ပတ် ၂၀ မတိုင်ခင် သားအိမ်ခြစ်ပြီးဆေးပညာအရကိ်ုယ်ဝန်ဖျက်ချပါတယ်။
• နောက်ဆုံးတစ်ခုကတော့ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းကိိုထည့်တာ ၊ ထုတ်တာမှာလည်း D & C လုပ်ကြပါတယ်။
သားအိမ်ခြစ်ပြီးရင် ဘာဘေးထွက်ဆိုးကျိုးတွေ ဖြစ်တတ်လဲ ။ ။
သားအိမ်ခြစ်ပြီးရက်ပိုင်းလောက်မှာ ဗိုက်အောင့်တာ ၊ သွေးနည်းနည်းဆင်းတာတွေဖြစ်တတ်ပါတယ်။
အခြား ကြီးကြီးမားမားဘေးထွက်ဆိုးကျိုးတွေ မရှိတတ်ပေမယ့် အခန့်မသင့်ရင်တော့ သားအိမ်ခြစ်တာကြောင့် ဖြစ်တတ်တဲ့ ရှုပ်ထွေးတဲ့ဆိုးကျိုးတွေရှိပါတယ်။ အဲဒါတွေကတော့
( ၁ )သားအိမ်ပေါက်ခြင်း
သားအိမ်ခြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲကအဖြစ်များဆုံးတစ်ခုပါ။ လတ်တလောကိုယ်ဝန်ပျက်ကျပြီးသားမိခင်တွေနဲ့သွေးဆုံးပြီးသားအမျိုးသမီးတွေကိုသားအိမ်ခြစ်တဲ့အခါ ဒီလိုသားအိမ်ပေါက်တာမျိုး ဖြစ်တတ်ပါတယ်။ အဲလိုအချိန်တွေမှာသားအိမ်ကအရမ်းကိုပျော့နေတတ်တဲ့အတွက် ဘယ်လောက်ပဲတုံးတဲ့ ဇွန်းလေးနဲ့ ခြစ်ခြစ် အခန့်မသင့်ရင် ပေါက်သွားနိုင်တာမျိုးပါ။ သားအိမ်ပေါက်သွားတာကိုသတိမထားမိလိုက်မိရင် သွေးထွက်လွန်တာ၊ သွေးဆိပ်သင့်တာမျိုးတွေကနေအသက်ဆုံးတဲ့အထိ ဖြစ်သွားတတ်ပါတယ်။ သားအိမ်ပေါက်တာရဲ့ လက္ခဏာတွေကတော့ သားအိမ်ခြစ်ပြီးဗိုက်အောင့်တာ၊ ဗိုက်တဖြည်းဖြည်းဖောင်းလာတာနဲ့ သွေးဆင်းတာတို့ပဲ ဖြစ်ပါတယ်။ သားအိမ်ခြစ်ပြီးနောက်ပိုင်းမှာဗိုက်ကဆက်အောင့်နေတာ၊ သွေးဆင်းများပြီးဝမ်းဗိုက်ကတင်းပြီးဖောင်းလာတာတွေကသားအိမ်ပေါက်တာဖြစ်နေနိုင်တယ်ဆိုတာကိုသိနိုင်ပါတယ်။
( ၂ ) သားအိမ်ခေါင်းကိုထိခိုက်မိခြင်း –
ဒါကတော့ သားအိမ်ခြစ်ဖို့အတွက် သားအိမ်ခေါင်းကိုချဲ့တဲ့ အဆင့်မှာထိခိုက်သွားနိုင်တာမျိုးပါ။
( ၃ ) Asherman’s syndrome
သားအိမ်ခြစ်ခြင်းကြောင့် သားအိမ်မှာအမာရွတ်တစ်ရှူးကျန်ခဲ့ခြင်း –ဒါကလည်းသားအိမ်ခြစ်ပြီးရင် ဖြစ်တတ်တဲ့ ဆိုးကျိုးတစ်ခုဆိုပေမယ့် အဖြစ်နည်းပါတယ်။ Asherman’s syndrome ဆိုတဲ့ သားအိမ်မှာကျန်ခဲ့တဲ့ အမာရွတ်ကြောင့် ရာသီလာချိန် ကိုက်ခဲတာတွေ ဖြစ်နိုင်တဲ့အပြင် နောက်ပိုင်းကိုယ်ဝန်ဆောင်တိုင်းသန္ဓေသားမခိုင်တော့ဘဲကိုယ်ဝန်ပျက်တာမျိုးတွေ ဖြစ်နိ်ုင်ပါတယ်။
( ၄ ) သားအိမ်ခြစ်ပြီးသေချာဂရုမစိုက်၊ သန့်ရှင်းမှုတွေ မရှိတဲ့အခါ သားအိမ်တွင်းပိုးဝင်ပြီးသွေးဆိပ်တက်တာမျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။ကိုယ်ဝန်ပျက်ကျထားပေမယ့် ဆိုးကျိုးတွေကိုကြောက်လို့ သားအိမ်မခြစ်ဘဲနေလို့ မရဘူးလား။
ကိုယ်ဝန်ပျက်ကျပြီးနောက်ပိုင်းသွေးဆင်းနေတာရက်အတော်ကြာတဲ့အထိမရပ်သေးဘူးဆိုရင် ဒါ သန္ဓေသားအပိုင်းအစတွေ ကျန်ခဲ့တဲ့ လက္ခဏာဖြစ်တဲ့အတွက် ဒီကျန်ခဲ့တဲ့ သန္ဓေသားအပိုင်းအစလေးတွေ ဖယ်ရှားဖို့ သားအိမ်ခြစ်ကိုခြစ်ရမှာပါ။ မဟုတ်ရင် သွေးလွန်ပြီးအသက်ဆုံးရှုံသွားတတ်ပါတယ်။
သားအိမ်ခြစ်တယ်ဆိုတာတကယ်တော့ ဗိုက်ခွဲစရာမလိုဘဲထုံဆေးလေးနဲ့တင်ပြီးသွားတဲ့ အသေးစားခွဲစိတ်မှုမျိုးပါ။ သူ့ကြောင့် နောက်ဆက်တွဲဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကရှားပေမယ့် အခန့်မသ့င့်ရင် ဒီလိုတွေရှိတယ်ဆိုတာ လူနာတွေ ဘက်ကကြိုသိထားဖို့လိုပါတယ်။ ဒါတွေကို ကြိုသိထားတဲ့ ဆရာဝန်တွေဘက်ကလည်းဒီလိုမျိုးပြဿနာတွေ မဖြစ်အောင် သေချာဂရုစိုက်ပေးရမှာဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများမပြုလုပ်ပါ။

















