မြောက်ဦးသို့ ပထမတစ်ခေါက်သွားခဲ့စဉ် က အမ်းတောင်ကြားကိုဖြတ်၍ ကားလမ်းမှသွား ခဲ့ခြင်းပင်ဖြစ်သည်။ အမ်းတောင်ကြားလမ်းကို သွားချင်ခဲ့သည်မှာ ကြာပြီဖြစ်၍ ထိုဆန္ဒပြည့် ဝခဲ့သည်။
တောင်အတက်အဆင်း အကွေ့ အကောက်များစွာကို ဖြတ်ကျော်၍ သွားခဲ့ရ သည်။ ထိုစဉ်က ရာမောင်တံတားပြင်နေ၍ လေးမြို့မြစ်ကို ဇက်ရေယာဉ်ဖြင့် ကူးရသည့် အတွက် အချိန်များစွာ ဖင့်နှေးခဲ့ရသည်။ ထို့ကြောင့် ယခုအခေါက်တွင် စစ်တွေသို့ လေ ယာဉ်ဖြင့်သွားလိုက်သည်။ သို့အတွက်ကြောင့် စစ်တွေတွင် အထင်ကရ ဘုရားများကိုလည်း ဖူးခွင့်ရသည်။ ပြည်နယ်ယဉ်ကျေးမှုပြတိုက်ကို လည်း ဝင်ရောက်ကြည့်ရှုလေ့လာဖို့ အချိန်ရ သည်။
စစ်တွေမြို့ရှိ လောကာနန္ဒာစေတီတော်မြတ် ကြီးနှင့် ၎င်းအနီးရှိ စင်္ကြာမုနိရုပ်ပွားတော်မြတ်၊ စန္ဒမုနိသွန်းစက်တော်စေတီ (စစ်တွေကန်တော် ကြီး) နှင့် ဘုရားများကို လှည့်လည်ကြည်ညိုပြီး ညနေခင်းတွင် ပွိုင့် (Point) ကမ်းခြေသို့ သွား ရောက်လည်ပတ်ခဲ့ရသည်။ သာယာလှပသော ပွိုင့်ရှုခင်းသာကိုဖြင့် မမေ့ရက်နိုင်လောက်အောင် နှစ်ခြိုက်မိသည်။ ဘင်္ဂလားပင်လယ်အော်ထဲသို့ ကုလားတန်မြစ်(ခေါ်) ကစ္ဆပနဒီမြစ်ကြီးစီးဝင်ရာ ဆုံမှတ်ဖြစ်သည့် ပွိုင့်ရှုခင်းကား လှပလွန်းလှ ပါ၏။ စစ်တွေစထရင်းဟိုတယ်၌ ညအိပ်နားခဲ့ ပါသည်။
နောက်တစ်နေ့ နံနက်မြောက်ဦးသွားသည့် ဟိုက်အေ့စ် ယာဉ်ငယ်လေးဖြင့် စစ်တွေမှ ထွက်ခွာခဲ့၏။ စစ်တွေ– ရန်ကုန်ကားလမ်းမကြီး အတိုင်း မောင်းနှင်ခဲ့ရာ လမ်းတွင် ကစ္ဆပနဒီ တံတားကြီးကို ဖြတ်ကျော်လာခဲ့ရသည်။ ဆက် လက်၍ ပုဏ္ဏားကျွန်းမြို့နယ်ကို ဖြတ်ကျော် ပြီးနောက် ကျောက်တော်မြို့နယ်ထဲကို ဝင်လာ ခဲ့သည်။ လမ်းတွင် တောင်အတက်အဆင်းတစ် နေရာသာရှိ၍ မြေပြန့်ကားလမ်းမှာ ကောင်းမွန် သဖြင့် ကျောက်တော်မဟာမုနိဘုရားကြီးသို့ အရောက်မှ နှစ်နာရီခွဲခန့်သာ ကြာမြင့်ပါသည်။
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ် မဟာ သက္ကရာဇ် ၁၂၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သွန်းလုပ်၍ ဘုရားရှင်၏ ရင်ငွေ့တော်လှုံခဲ့ သည့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးမှာ ဖူး၍မ-ဝပါ။ ဘုရားစောင်းတန်းရှေ့ရှိ သပ်ရပ်သော ဆိုင်ခန်းများတွင် ထမင်းစားပြီးနောက် မြောက်ဦး သို့ ပြေးဆွဲသော တုတ်တုတ် သုံးဘီးယာဉ်ငယ် လေးငှားရမ်း၍ ခရီးဆက်ခဲ့သည်။
ကျောက်တော်–မြောက်ဦးကားလမ်းမှာ ကွန်ကရစ်ခင်းလမ်းဖြစ်၏။ လမ်းကြီးမှာ ဖြူးနေ ၏။ ကျောက်တော်မှ မြောက်ဦးသို့ တိုက်ရိုက် မောင်းလျှင် ကားဖြင့် တစ်နာရီခန့် ခရီးသာ ရှိသည်။ ကျောက်တော်မှအထွက် မြောက်ဦးမြို့ နယ်ထဲသို့အဝင် "ဒီနေရာမှာ မနေ့တုန်းက တိုက်ပွဲဖြစ်တယ်" ဟု တုတ်တုတ်ဆရာက ပြော ပြသည်။ "ဒါမြောက်ဦးမြို့နယ်မှာ ပထမဦးဆုံး ဖြစ်တဲ့တိုက်ပွဲပဲ"ဟုလည်း ဆိုခဲ့သည်။ ယင်းသို့ တိုက်ပွဲဖြစ်မှန်း စစ်တွေမှာတုန်းက မသိခဲ့ပါ။ သွားစရာရှိတာတော့ ရောက်အောင် သွားရပေ တော့မည်။
လမ်းခုလတ်တွင် ဝေသာလီမြို့ဟောင်း နေရာကို ဖြတ်သွားရသည်။ ဝေသာလီမြို့ဟောင်း အဝင်တံခါးနေရာကို ကားလမ်းနံဘေးမှာပင် တွေ့ရ၏။ ဆိုင်းဘုတ်လည်း ရေးသားစိုက်ထူ ထားသည်။ အနီးမှ မြေသားလမ်းအတိုင်း ဝင်သွားလိုက်ရာ အတော်ကလေးသွားမိလျှင် ဝေသာလီဘုရားကြီးသို့ရောက်ရှိကာ ဝင်ရောက် ဖူးမြော်ခဲ့ရပါသည်။ ဝေသာလီဘုရားကြီးမှာ မြောက်ဦးမြို့မှ ၅မိုင်ခန့်အကွာ ရှေးဝေသာလီ မြို့ဟောင်းနန်းတော်ရာကုန်း၏ မြောက်ဘက် ကုန်းငယ်တစ်ခုပေါ်တွင် တည်ရှိနေပါသည်။ ဤရုပ်ပွားတော်ကြီးကို ခရစ်နှစ် အေဒီ-၃၂၇ ခုနှစ်တွင် ထုလုပ်ကိုးကွယ်ခဲ့ကြောင်း သမိုင်းဖော်ပြချက် အခိုင်အမာရှိသည်။
ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၁၇၀ဝ နီးပါးက ထုလုပ်ကိုးကွယ်ခဲ့ခြင်းဖြစ်၍ မြန်မာ နိုင်ငံ၏ ရှေးအကျဆုံးသော ကျောက်ဆင်းတုတော် လက်ရာကြီးတစ်ခုလည်း ဖြစ်ပါသည်။ ဘုရား ဒါယကာမှာ ရခိုင်ဝေသာလီကျောက်လှေကား မြို့ကို တည်ထောင်ခဲ့သော မဟာတိုဉ်းစန္ဒြား (ဒွင်းစန္ဒြား) မင်းကြီးဖြစ်သည်။ ဝေသာလီဘုရား ကြီးကို ရခိုင်ပြည်နယ်၏ ကျက်သရေဆောင် ဘုရားကြီးဟူ၍ သတ်မှတ်ထားသည်ဟု ဆိုသည်။ မြောက်ဦးရောက်သောအခါ ရှေးရခိုင် မြောက်ဦးခေတ် အငွေ့အသက်များဖြင့် ထုံမွမ်း ထားဟန်ရှိသည့် ရွှေသဇင်ဟိုတယ်တွင် တည်း လိုက်သည်။ မြောက်ဦးတွင် ဟိုတယ်ကလည်း များများစားစားမရှိပါ။ ဟိုတယ်ငါးလုံးခန့်သာရှိ သည်။ ခရီးသွားလုပ်ငန်းသာ ဖွံ့ဖြိုးလာလျှင် ဟိုတယ်များ ထို့ထက်ပို၍ လိုပေလိမ့်မည်။ မြောက်ဦးဟိုတယ်၊ ရွှေသဇင်ဟိုတယ်နှင့် နဝရတ် ဟိုတယ်တို့မှာ သုံးပွင့်ဆိုင် နီးကပ်စွာပင် တည် ရှိကြသည်။
မြောက်ဦးမြို့၏ အထင်ကရဖြစ်သော သျှစ် သောင်းပုထိုးတော်ကြီးနှင့် ထုက္ကန့်သိမ်၊ အံတော် သိမ်၊ လေးမျက်နှာ၊ ရတနာပုံစေတီပုထိုးများ မှာ ယင်းဟိုတယ်စုအနီးတွင်ပင် ရှိကြသည်။ ထို့ကြောင့် ညနေခင်း နေအေးချိန်လေးတွင် လမ်းလျှောက်သွားကာ ဖူးမြော်ကြည်ညိုလိုက် သည်။ နောက်တစ်နေ့ မြောက်ဦးအနှံ့ပို့ပေးမည့် ဧည့်ကြိုကားကို လှမ်းချိတ်ရသည်။ မြောက်ဦး မြို့ကိုရောက်လျှင် မရောက်မဖြစ် သွားရောက် လေ့လာရမည့် သျှစ်သောင်းပုထိုး၊ ထုက္ကန့်သိမ်၊ အံတော်သိမ်၊ ရတနာပုံစေတီ၊ လေးမျက်နှာ စေတီ ဤစေတီဘုရားငါးဆူက နေရာတစု တစည်းတည်းတွင်ရှိသည်။ မာန်ငါးမာန်အောင် စေတီများက တစ်နေရာစီဆိုပေမည့် ရောက် အောင်ဖူးရပေမည်။
နောက်ပြီး မသွားမဖြစ်သည်က ကိုးသောင်း ပုထိုးတော်ကြီး၊ မာန်ငါးမာန်တို့၏ တည်နေရာ များမှာ မင်္ဂလာမာန်အောင် (မြောက်ဘက်ဆုံး)၊ ရတနာမာန်အောင် (အရှေ့မြောက်)၊ သင်္ကျမာန် အောင် (အရှေ့ဘက်)၊ ဇိနမာန်အောင် (တောင် ဘက်)၊ လောကမာန်အောင် (အနောက်ဘက်) တို့ ဖြစ်ကြသည်။ လောကမာန်အောင်စေတီ အနီးတွင် ဘုရားပေါ်ဘုရားရှိသည်။
ဝေသာလီဘုရားကြီးနှင့် သမိုင်းဆက်စပ် နေသော ဘုရားပေါ်ရုပ်ပွားတော်မှာ အိန္ဒိယ ပြည် ကပိလဝတ်ပြည်မှပင့်ဆောင်လာစဉ် ရေ တွင်နစ်၍ နှစ်ပေါင်းထောင်ချီ ကိန်းဝပ်နေခဲ့ ပြီးမှ မြောက်ဦးခေတ်တွင် ပြန်၍ပေါ်လာခဲ့သော ပေါ်တော်မူရုပ်ပွားတော်ကြီး ဖြစ်သည်ဟုဆို သည်။ ထို့အပြင် တောင်ဘက်ရှိ ဇိနမာန်အောင် ဘုရားကို သွားဖူးလျှင် မြောက်ဦးခေတ်က လက်ဆည်ကန်ရေတံခါးကြီးကို ဝင်ရောက်လေ့ လာနိုင်သည်။ တစ်လက်စတည်း ဗန္ဓုလဘုန်းကြီးကျောင်းရှိ ရှေးဟောင်းပစ္စည်းပြတိုက်ကို အချိန်ပေး၍ ကြည့်ရှုလေ့လာ သင့်သည်။
နောက်ထပ် မသွားမဖြစ်လေ့လာသင့်သည့် နေရာမှာ နန်းတော်ကုန်းနှင့် ရှေးဟောင်းသုတေ သနပြတိုက်ပင်ဖြစ်သည်။ နန်းတော်ကုန်းအုတ် ရိုးများမှာ အတော်အသင့်ပုံပေါ်နေပြီဖြစ်သော် လည်း ဆက်လက်တူးဖော်နေဆဲပင်ဖြစ်သည်။ နန်းတော်ကုန်းကို အဆင့်သုံးဆင့်ဖြင့် တည် ဆောက်ထားပြီး အမြင့်ပေ ၅၀ခန့်ရှိသည်။ အောက်ခြေ၌ တောင်မြောက် ၁၆၀၆ ပေ၊ အရှေ့အနောက် ပေ ၁၇၄၀ ကျယ်ဝန်းသည်။ အဆင့်တစ်ဆင့်ချင်းစီ ၁၂ ပေအမြင့်ရှိ ကျောက် အုတ်တံတိုင်းများဖြင့် ပတ်ထား၏။ တံတိုင်း တစ်ခုစီ၏အခြေထုမှာ ခုနစ်ပေခန့်ရှိသည်။ နန်းတော်ကုန်းနေရာမှာလည်း တည်းခိုရာ ဟိုတယ်နှင့် သိပ်မဝေးလှပါ။ မြောက်ဦးနန်းတော် ကုန်းရှိ ရှေးဟောင်းသုတေသနပြတိုက်တွင် ကျောက်စာချပ်များ၊ ကျောက်ဆစ်ရုပ်လုံးရုပ်ကြွ လက်ရာများ၊ ရှေးဟောင်းရုပ်ပွားတော်များ စသည်တို့ကို ခေတ်အလိုက် စနစ်တကျပြသ ထားသည်။
တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းအမွေ အနှစ် အထောက်အထားများပင်တည်း။ ပြတိုက် တွင် ထင်ရှားကျော်ကြားလှသော အာနန္ဒစန္ဒြား ကျောက်စာတိုင်၏ အရွယ်တူပုံတူကို အနီး ကပ်လေ့လာခွင့်ရရှိခဲ့သည်။ သျှစ်သောင်းပုထိုး တော်၏ တောင်ဘက်စောင်းတန်း အတက်တွင် ရှိသော အာနန္ဒစန္ဒြားကျောက်စာတိုင်ကြီးအား ကျောက်စာတိုက်အတွင်း ထည့်သွင်း၍ သံတိုင် တံခါးပိတ်ထားသောကြောင့် အနီးကပ်ကြည့် ရှုရန် အခွင့်မသာခဲ့ပါ။ ယခုမူ ပြတိုက်အတွင်း၌ မူရင်းအာနန္ဒစန္ဒြားကျောက်စာတိုင်ကို အနီး ကပ်တွေ့ရသည့်အလား လေ့လာခွင့်ရရှိ၍ အထူးပင် ကျေနပ်မိပါ၏။
ထင်ရှားကျော်ကြားလှသော အာနန္ဒစန္ဒြား ကျောက်စာကို ရခိုင်ဝေသာလီခေတ်တွင် ရေး ထိုးခဲ့ခြင်းဖြစ်သည်။ ကျောက်စာပါ အကြောင်း အရာများမှာ ဘိုးဘေးသူရိယမင်းဆက်၊ စန္ဒြား မင်းဆက်များ၏ နန်းစံပုံ၊ အုပ်ချုပ်ပုံ၊ အလှူပြုပုံ အကြောင်းများကို ဂါထာသီကုံး၍ သက္ကတဘာ သာစာပိုဒ် (၅၁) ပိုဒ်တွင် ဂါထာ (၆၅) ဂါထာတို့ ဖြင့် မှတ်တမ်းတင် ရေးထိုးထား၏။ သမိုင်း သုတေသီတို့၏ လေ့လာချက်အရ ဤကျောက်စာ သည် အိန္ဒိယနိုင်ငံရှိ သက္ကတဘာသာဖြင့် ရေး ထိုးထားသော ကျောက်စာများထက် အချိန်စော ကြောင်း သိရသည်။ ဤအာနန္ဒစန္ဒြားကျောက်စာတိုင်ကို အေဒီ ၁၅၃၅ ခုနှစ်တွင် မြောက်ဦးခေတ် ဘုရင်မင်း ဗာကြီးက ဝေသာလီမြို့ဟောင်းမှ သယ်ဆောင်၍ သျှစ်သောင်းပုထိုးတော်ကြီးသို့ ပြောင်းရွှေ့စိုက် ထူခဲ့ခြင်းဖြစ်လေသည်။ ကျောက်စာတိုင်သည် မြေပြင်မှ ၉ ပေ ၇လက်မမြင့်၍ မျက်နှာလေး ဖက်ရှိပြီး တစ်မျက်နှာလျှင် ၂ ပေ ၄ လက်မခန့် ကျယ်သည်။ ကျောက်စာတိုင်၏ တောင်ဘက် မျက်နှာစာမှအပ အရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက်တို့တွင် သက္ကတဘာသာဖြင့် ရေး ထိုးထားသောစာများမှာ နှစ်ပေါင်း ၂၀ဝ စီခြား၍ ရေးထိုးထားခြင်းဖြစ်သည်မှာလည်း ထူးခြား ချက်ဖြစ်သည်။ ကမ္ဘာပေါ်တွင် အလွန်ရှားပါး သော ကျောက်စာတိုင်ကြီးဖြစ်သည်ဟု သမိုင်း သုတေသီပညာရှင်များက လက်ခံထားကြသည်။
သျှစ်သောင်းပုထိုးတော်ကြီးရှိ ကျောက်စာ တိုင်နဖူးစည်းတွင် အေဒီ ၇၂၉ ခု ရခိုင်ဝေသာလီ မင်း၊ အာနန္ဒစန္ဒြားကျောက်စာဟု ကမ္ပည်းရေး ထိုးထားသည်ကို တွေ့ရသည်။ ရခိုင်ရာဇဝင် တွင် အေဒီ ၆၆၇ မှ အေဒီ ၇၃၃ အထိ ဝေသာလီ ထီးနန်းကို ၆၆ နှစ်ကြာ စိုးစံခဲ့သူမှာ သိင်္ဂစန္ဒြား မင်းဖြစ်သည်။ ဤသို့ဆိုလျှင် အေဒီ ၇၂၉ ခုနှစ် တွင် ကျောက်စာရေးထိုးခဲ့သော ဝေသာလီမင်း အာနန္ဒစန္ဒြားဟူသည်မှာ သိင်္ဂစန္ဒြားမင်းပင်ဖြစ် လေသလော။ သုတေသီတို့ ရှင်းလင်းသင့်၏။ ရခိုင်ဝေသာလီမင်းဆက်ကို အေဒီ ၃၂၇ မဟာ စန္ဒြားမင်းမှစ၍သူရိယစန္ဒြားမင်း၊ မောလစန္ဒြား၊ ပေါလစန္ဒြား၊ ကာလစန္ဒြား၊ စူဠစန္ဒြား၊ သီရိစန္ဒြား၊ သိင်္ဂစန္ဒြား၊ ထူလစန္ဒြား၊ အမြတူမင်း၊ ပဲဖြူမင်း ဟူ၍ နန်းစဉ်အဆက်ဆက်အုပ်ချုပ်ခဲ့ရာ အာနန္ဒ စန္ဒြားအမည်ရှိသည့်မင်းကို မတွေ့ရှိရချေ။
လေးမြို့ခေတ်-လောင်းကြက်မြို့၏ နောက်ဆုံးမင်း ဆက်ဖြစ်သော မင်းစောမွန်သည်အေဒီ ၁၄၃၀ တွင် မြောက်ဦးမြို့သစ်ကို တည်ထောင်လျက် ၁၅ ရာစုနှစ် ပထမမြောက်ဦးခေတ်ကို စတင်ခဲ့သည်။ မင်းစောမွန်မှသည် တတိယမြောက်ဦးခေတ်၏ နောက်ဆုံးမင်းဖြစ်သော မဟာ သမတရာဇာမင်းအထိ မင်းဆက်ပေါင်း ၄၉ ဆက် (နှစ် ပေါင်း ၃၅၄ နှစ်ကြာ) တည်တံ့ခဲ့သည်။ ဒုတိယမြောက်ဦး ခေတ်ကိုစတင်ခဲ့သော မင်းဗာကြီးဘုရင်သည် အေဒီ ၁၅၃၁ တွင် နန်းတက်ပြီး ဘင်္ဂလား ၁၂ မြို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ သူ၏လက်ထက်တွင် မြောက်ဦးမြို့ သည် အလွန်ကြီးကျယ်ခမ်းနားခဲ့သည်ဟု ဆိုသည်။
"စောမွန်ပြင်ပြု၊ မင်းဗာတည်ကေ၊ ရွှေမြောက်ဦး" ဟု ဆိုစမှတ်ပြုခဲ့ကြ၏။ သူ၏လက်ထက်တွင် ပေါ်တူဂီရေတပ်နှင့် ကုလားစစ်တို့ကို အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် နန်းတော်မြောက်ဘက်ရှိ ဖိုးခေါင်တောင်ကို တစ်ဝက်ဖြို ကာ အေဒီ ၁၅၃၄ တွင်"ရန်အောင် ဇေယျသျှစ်သောင်း ပုထိုးတော်ကြီး"ကို တည်ဆောက်ခဲ့သည်။
ပုထိုးတော်ကြီး၏ အတွင်းလိုဏ်ဂူများထဲ၌ ငါးရာ့ငါး ဆယ်နိပါတ်တော်များကို ကျောက်ဆစ်လက်ရာပြောင် မြောက်စွာ ထုလုပ်ပူဇော်ထားရှိခဲ့သည်။ ကိုးသောင်းပုထိုး တော်ကြီးမှာမူ အေဒီ ၁၅၅၃ နန်းတက်သောမင်း တိက္ခာ (မင်းဗာကြီး၏သားတော်ကြီး) ကောင်းမှုဖြစ်သည်။ အလယ် တွင် ထူပါရုံစေတီကြီးတစ်ဆူနှင့် ပတ်လည်စေတီရံ ၁၀၈ ဆူတို့ဖြင့် တည်ထားခဲ့သည်။ "အဖသျှစ်သောင်း၊ သားကိုး သောင်း"ဟု ဆိုစမှတ်ပြုကြသည်။ ထုက္ကန့်သိမ်မှာမူ အေဒီ ၁၅၇၁ နန်းတက်သော မင်းဖလောင်းဘုရင်၏ ကုသိုလ်တော် ဖြစ်သည်။ ကျောက်နံရံအတွင်း ရုပ်ပွားတော်ပါ ဂူမုခ်ပေါင်း ၁၄၆ ခုတို့ဖြင့် တည်ဆောက်ထားပြီး လိုဏ်ဂူ အတွင်း ကျောက်ဆစ်လက်ရာတို့တွင် ဗောင်းတော် ၄၀၊ မိန်းမဆံထုံး ထုံးပုံ ၆၄ မျိုးတို့ကို လေ့လာနိုင်သည်။
မြောက်ဦးထီးနန်း အထွတ်အထိပ်ရောက်ချိန် ၁၆ ရာစုတွင် မြို့ဧရိယာမှာ ဧကတစ်သိန်းနှစ်သောင်းအထိ ကျယ်ဝန်းခဲ့သည်ဟု ဆိုသည်။ ဒါကာ၊ စစ်တကောင်းတို့ အထိ အာဏာသက်ရောက်ခဲ့သည်။ ပေါ်တူဂီ၊ ဒတ်ချ်၊ ပါရှား (အီရန်)၊ အိန္ဒိယ၊ ဟံသာဝတီ (ပဲခူး)၊ သန်လျင်တို့နှင့် ကူးသန်းရောင်းဝယ်ဖောက်ကားမှုများရှိခဲ့သည်။ ဒင်္ဂါးများ ပေါ်တွင် ရခိုင်စာ၊ အာရဗီစာများဖြင့် ရိုက်နှိပ်သုံးစွဲခဲ့ သည်။
မြောက်ဦးကိုရောက်လျှင် ရှေးရခိုင်ဘုရင့်နိုင်ငံခေတ် ထဲရောက်သွားသလို ခံစားရ၏။ မြောက်ဦးမြို့ကို တုတ် တုတ်ငှား၍လည်လျှင် တစ်နေကုန် ကျပ် ၃၅၀ဝ၀ ဖြင့် လည်နိုင်သည်။ ငယ်ရွယ်သူတွေ၊ နိုင်ငံခြားသားတွေကMountain Bike စက်ဘီးလေးများငှားစီးပြီး လည်ကြ၏။ တစ်နေကုန်စီးမှ ကျပ် ၁၀ဝ၀ဝ ပင်။ စက်ဘီးနှင့် လည်ရ သည်မှာလည်း အရသာတစ်မျိုးပင်။ စာရေးသူကတော့ မြောက်ဦးကို ယခင်ရောက်ဖူးပြီး မြောက်ဦးဘုရားသမိုင်း များလည်း လေ့လာထားပြီးဖြစ်၍ Guide မခေါ်တော့ပါ။ နေထွက်ချိန်အမီ ကိုးသောင်းပုထိုးတော်ကြီးကို ဦးစွာ သွားဖူးလိုက်စေချင်သည်။ လိုဏ်ဂူပတ်လမ်း အထပ်ထပ်နှင့် ရေညှိစိမ်းတွေတက်နေသည့် ဂူနံရံတွေက တစ်မျိုး လှလို့နေ သည်။ ထို့နည်းတူ သျှစ်သောင်းပုထိုးတော်ပေါ်မှ လှမ်းမြင် ရသော ထုက္ကန့်သိမ်ရှုခင်းမှာ မျက်စိထဲတွင် စွဲနေတော့ သည်။
မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့ အမွေအနှစ် (World Heritage) အဖြစ် သတ်မှတ်နိုင် စေရန် ယခုနှစ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ လည်း ရှိနေသေး၏။ မြောက်ဦးသည် တောတောင်ထူထပ်ခြင်းလည်းမရှိ စစ်ရေးအခြေခံကောင်းသော ဒေသလည်း မဟုတ်၊ ရှေး ဟောင်းယဉ်ကျေးမှုနယ်မြေ သက်သက်သာဖြစ်ပါ၏။ ကမ္ဘာ့အမွေအနှစ်အဖြစ် ကမ္ဘာကပင် တန်ဖိုးထားသော မြောက်ဦးရှေးဟောင်းမြို့တော်ကို စစ်ပွဲနယ်မြေဖြစ်အောင် ဖန်တီးခြင်းသည် အကြမ်းဖက်သောင်းကျန်းသူတို့၏ ဉာဏ် နည်းမိုက်မဲလှသော လုပ်ရပ်သာဖြစ်၏။ ရခိုင်ပြည်နယ် နှင့် နယ်မြေထိစပ်နေသော တစ်ဖက်နိုင်ငံမှ လူမျိုးခြား၊ ဘာသာခြားတို့၏ လူဦးရေနှင့် ဝါးမျိုတော့မည့် ခြိမ်းခြောက် မှုကို ကြံ့ကြံ့ခံ၍ မိမိယဉ်ကျေးမှုနှင့် ဘာသာတရားကို အရေးတကြီး ထိန်းသိမ်းကာကွယ်ထားရန် လိုအပ်နေသော ယခုလို အချိန်မျိုးတွင် ကိုယ့်ရပ်ရွာ ဒေသကို ပြန်၍ ဖျက် ဆီးသလို မလုပ်မိစေရန် ဒေသခံအားလုံးတို့တွင် တာဝန် ရှိသည်။
ကမ္ဘာတည်သရွေ့ တည်တံ့ရမည့် မြောက်ဦးရှိ ရှေး ဟောင်းဘုရားပုထိုးများပျက်စီးရမည့် အရေးမှာ လုံးဝ အဖြစ်မခံနိုင်သော ကိစ္စရပ်ပါပေ။ ထို့ကြောင့် ကမ္ဘာ့အမွေ အနှစ် မြောက်ဦးနယ်မြေ ငြိမ်းချမ်းရေးကို နှောင့်ယှက်နေ သူများအား ဆန့်ကျင်ဟန့်တားရမည့် အရေးသည် ကျွန်ုပ် တို့၏ သမိုင်းပေးတာဝန်ပေတကားဟု မြောက်ဦးမှအပြန် လမ်းတစ်လျှောက်လုံး စဉ်းစားလာခဲ့မိကြောင်းပါ။























