နေပြည်တော်ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းများနေထိုင်ရာ ရပ်ကွက်များတွင် ည အခါ ရပ်နားထားသည့် ဌာနဆိုင်ရာ မော်တော် ယာဉ်များနှင့်ပုဂ္ဂလိကပိုင်ယာဉ်များ၌ တပ်ဆင် အသုံးပြုထားသော ဘက်ထရီအိုးများကို ယခု ရက်ပိုင်းအတွင်း ခိုးယူခံရပြီး ပျောက်ဆုံးမှု များဆက်တိုက်ဖြစ်ပေါ်နေကြောင်း ရပ်ကွက် နေပြည်သူများနှင့် သက်ဆိုင်ရာဌာနများမှ သိရသည်။
လှုပ်ရှားမှု
ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် နေ့ညစဉ်ဆက်မပြတ် လှည့်ကင်း၊ ဝပ်ကင်း၊ ရပ်ကင်းများကို ရှိသည့်အင်အားဖြင့် ဆောင်ရွက်နေသော်လည်း ဒုစရိုက်သမားများ က ရဲတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုအခြေအနေ အပေါ် အကဲခတ်စောင့်ကြည့်ကာ ကျူးလွန် လှုပ်ရှားနေသည်ဟု ထင်မြင်ယူဆရကြောင်း ရပ်မိရပ်ဖတစ်ဦးက သုံးသပ်ပြောဆိုသည်။
ပျောက်ဆုံး
မေ ၃၀ ရက် နံနက်က ဝဏ္ဏသိဒ္ဓိရပ်ကွက် လှဖြူပြာ (၂) လမ်းအတွင်း ရပ်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဌာနပိုင် Fuso Bus ယာဉ်ကြီးတစ်စီးနှင့် သုခသိဒ္ဓိရပ်ကွက် စက်မှုလက်မှုအထက်တန်း ကျောင်းအနီးရပ်ထားသော နယ်စပ်ရေးရာ ဝန်ကြီးဌာနပိုင် Fuso Busယာဉ်ကြီးတစ်စီး တို့တွင် တပ်ဆင်အသုံးပြုထားသည့် ကာလ တန်ဖိုးတစ်လုံးလျှင် ကျပ် သုံးသိန်းခန့်ရှိ ဘက်ထရီအိုး လေးလုံးတို့မှာ အဆိုပါဌာနများ မှ ယာဉ်မောင်းများက နေပြည်တော် (ရုံးချုပ်) သို့ ဝန်ထမ်းများ ပို့ဆောင်ရန် စက်နှိုးစဉ် စက် နှိုး၍မရသဖြင့် ယာဉ်ကိုစစ်ဆေးရာ ဘက်ထရီ အိုးများ ပျောက်ဆုံးနေကြောင်းသိရပြီး သက် ဆိုင်ရာဌာနသို့ ကနဦးသတင်းပေးပို့ခဲ့ပြီးနောက် အမှတ် - ၉ နယ်မြေ ရဲတပ်ဖွဲ့စခန်းသို့ သွား ရောက် တိုင်ကြားခဲ့သည်။
စီစီတီဗွီတပ်စေချင်
"ကျွန်တော်တို့ကို ပြည်သူလူထုက ကူညီ တဲ့အနေနဲ့ စီစီတီဗွီတွေ တပ်ထားပေးစေချင် ပါတယ်။ မော်တော်ကားတွေကို လုံခြုံအောင် စောင့်ရှောက်နိုင်ဖို့အတွက် တစ်နေရာတည်း မှာ သတ်မှတ်ပြီး တစုတစည်းတည်းစုပေါင်း ထားပေးနိုင်မယ်ဆိုရင် ပိုကောင်းတဲ့အစီအစဉ် တစ်ခု ဖြစ်ပါလိမ့်မယ်" ဟု တာဝန်ရှိရဲအရာ ရှိတစ်ဦးက ပြောဆိုသည်။
လျှပ်စစ်မီး
ရဲတပ်ဖွဲ့နှင့်အတူ ပြည်သူလူထုပူးပေါင်း ပါဝင်သည့် လူထုအခြေပြုမှုခင်းကြိုတင်ကာ ကွယ်ရေးအဖွဲ့များလည်း ဖွဲ့စည်းသွားရန် လိုအပ်နေပြီး လမ်းမကြီးများအပါအဝင် လမ်း သွယ်များအတွင်း လျှပ်စစ်မီးလင်းရန် ဆောင်ရွက် ဖို့လည်း လိုအပ်ချက်တစ်ခုပင် ဖြစ်နေကြောင်း၊ ယင်းကဲ့သို့ ဖြည့်ဆည်းဆောင်ရွက်မည်ဆိုပါက မှုခင်းဖြစ်ပွားမှုများ သိသိသာသာကျဆင်း မည်ဖြစ်ကြောင်း ရပ်မိရပ်ဖတစ်ဦးက အကြံပြု ပြောဆိုသည်။
စုံစမ်း
အဆိုပါ ဌာနဆိုင်ရာ ဘက်ထရီအိုးများ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ အမှတ် - ၉ နယ်မြေ ရဲတပ်ဖွဲ့စခန်းက ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းဆောင်ရွက် လျက်ရှိသည်။

















