နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ချက်သမ္မတနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံသို့ ငါးရက် ကြာခရီးသွားရောက်ရန် ဇွန် ၁ ရက် နံနက်ပိုင်းက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့်ထွက်ခွာသွားကြောင်းနိုင်ငံခြား ရေးဝန်ကြီးဌာနက ဇွန် ၁ ရက်က သတင်းထုတ်ပြန်ခဲ့သည်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာအန်ဒရီးဘားဘီးစ်၏ ဖိတ်ကြားချက်အရ ဇွန် ၂ ရက်မှ ၄ ရက်အထိ ချက်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ခြင်းဖြစ်သည်။
ဆက်လက်သွားရောက်မည်
ချက်သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇွန် ၅ ရက်မှ ၆ ရက်အထိ ဟန်ဂေရီနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ဆက်လက်သွားရောက် မည်ဖြစ်သည်။
နေပြည်တော်သို့လာရောက်ခဲ့
ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Martin Tlapa ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် လွန်ခဲ့သည့် မတ်လအတွင်းက နေပြည်တော်သို့လာ ရောက်ကြသည်။
လိုက်ပါသွားကြ
ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါသွားကြသည်။
















