သာပေါင်းမြို့နယ် ငါးတန်ရေကြည်တောအတွင်း ထင်းခုတ်၊ဝါးခုတ်လုပ်ကိုင်သူအချင်းချင်း အရက်အတူသောက်ရာမှ ဓားဖြင့်ခုတ်သတ်မှု ဇွန် ၁ ရက်ကဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ညနေ ၄ နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ကျွန်းလျှားကြီး ကျေးရွာအုပ်စု ငါးတန်ရေကြည် တောထဲတွင် လူသတ်မှု ဖြစ်ပွားကြောင်း သတင်းအရ ဒုရဲမှူးလှိုင်ဝင်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေရာတွင် သာပေါင်းမြို့နယ် ချီပါချောင်း ကွက်ပြင်အုပ်စုနေ မြင့်ဝေ ၂၄ နှစ်မှာ ယာလက်မောင်းနှင့်ဝဲပါးတို့တွင် ပြတ်ရှဒဏ်ရာများရရှိ၍ သွေးထွက်လွန်ကာ သေဆုံးနေသည်ကိုုသက်ဆိုင်ရာက တွေ့ရှိခဲ့သည်။
အဆိုပါတောအတွင်း ထင်းခုတ်-ဝါးခုတ် အလုပ် လုပ် ကိုင်နေသူ မြင့်ဝေနှင့် ပေါက်စ ၄၉ နှစ်တို့ တောထဲရှိတဲအတွင်းအရက်အတူထိုင်သောက်ရာမှ ပေါက်စက ကျန်ရှိသည့်အရက်တစ်ပိုင်းကိုထမင်းစားခါနီးမှ သောက်မည်ဟု ပြောဆိုရာ မြင့်ဝေက အခုသောက်မယ် ချန်မထားနဲ့ဟုပြောဆိုခဲ့သည်။
ထိုသို့ပြောဆိုစဉ်အပြန်အလှန် စကားများကြပြီး မြင့်ဝေ မှ ၄င်းခါးကြားတွင်ပါလာသော အရိုးအသွား(၁၆) လက်မခန့်ရှိ ဓားဦးချွန်အားဆွဲထုတ်စဉ် ပေါက်စက ဓားကိုဆွဲလုပြီး ပြန် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ ညီဖြစ်သူ ဦးစိန်မြင့်၏ပြောပြချက်အရသိရသဖြင့် ပေါက်စကိုအရေးယူပေးရန်တိုင်ကြားခဲ့သည်။
သာပေါင်းမြို့မရဲစခန်းက (ပ)၅၃၁/ ၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။

















