တာချီလိတ်မြို့နယ်ရှိ နန်းနန်းဘွန်းကျောက်ရွှေဆိုင်မှ ရွှေ ၈၀ သားခန့် ကို သေနတ်ကိုင်ဆောင်သူနှစ်ဦးက အနုကြမ်းစီးလုယက်မှု ယနေ့ ဇွန် ၃ ရက်က ဖြစ်ပွားခဲ့သည်။
ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်၌ ဖွင့်လှစ်ထားသည့် နန်းနန်းဘွန်း ကျောက်ရွှေဆိုင်ခွဲ ၂ ကို ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားသည့် မျက်နှာဖုံးစွပ်အမျိုးသားနှစ်ဦးက အနုကြမ်းစီးဝင်ရောက်ကာ ရွှေထည်ပစ္စည်း ၈၀ ကျပ်သားခန့်ကို ယူဆောင်သွားခဲ့ကြောင်း တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက အတည်ပြုခဲ့သည်။
ဆိုင်ဝန်ထမ်းအမျိုးသမီးနှစ်ဦးတည်းရှိနေချိန်တွင် သေနတ်ဖြင့်ချိန်ကာ မှန်ကောင်တာအတွင်း ခင်းကျင်းပြသထားသည့် ရွှေထည်ပစ္စည်း များကိုလုယူထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက စုံစမ်းသိရှိခဲ့သည်။
ပြီးခဲ့သည့် မတ် ၂၉ ရက်ကလည်း တာချီလိတ်မြို့ ဆန်ဆိုင်းခရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် နန်းနန်းဘွန်းကျောက်ရွှေဆိုင်ကို လူခြောက်ဦးက ဓါးပြတိုက် အနုကြမ်းစီးခဲ့ပြီး ပြစ်မှု ကျူးလွန်သူများထဲတွင် သံသယရှိသူများကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

















