လှိုင်သာယာမြို့နယ်တွင် ခြေအိတ်စက်ရုံရှိ တရုတ်နိုင်ငံသားများနေထိုင်သည့် အခန်းများအတွင်းမှ ပစ္စည်းများခိုးယူခံရမှုကို သက်ဆိုင်ရာက ဇွန် ၃ ရက်တွင် အမှုဖွင့်အရေးယူထားသည်။
လှိုင်သာယာမြို့နယ် စက်မှုဇုံ (၃) ကျန်စစ်သားလမ်း အကွက်အမှတ်(၈)ရှိ DJY Knitting Myanmar Co.Ltd: ခြေအိတ်စက်ရုံဝင်းအတွင်းရှိ တရုတ်နိုင်ငံ သားများနေထိုင်သည့် အဆောင်အိပ်ခန်းများအတွင်းမှ ပစ္စည်းများခိုးယူခံရကြောင်း မန်နေဂျာ ဦးထွန်းထွန်းစိုးက ဇွန် ၃ ရက် ညနေ ၃နာရီ မိနစ် ၂၀ ခန့်တွင် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
တိုင်ကြားမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့နယ်ရဲစခန်းမှူး ဒုရဲမှူး စန်းယုနှင့်အဖွဲ့က စုံစမ်းခဲ့ရာ ခြေအိတ်စက်ရုံဝင်းအတွင်းရှိ တရုတ်နိုင်ငံသားများနေထိုင်သည့် အခန်းအမှတ် ၄ မှ ၁၁ အထိသို့ နံနက် ၃ နာရီ နှင့် ၄ နာရီ အကြားလူဝင်ရောက်ပြီး လက်ကိုင်ဖုန်းမျိုးစုံလေးလုံး၊ လက်ပတ်နာရီတစ်လုံး၊ ပိုက်ဆံအိတ်လေးလုံးနှင့် မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ စုစုပေါင်းတန်ဖိုး ကျပ်၂၉၁၀ဝ၀ဝ ဖိုးခန့် ခိုးယူခံရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
စက်ရုံတွင် တပ်ဆင်ထားသည့် စီစီတီဗီကင်မရာမှာ ပြန်လည်ကြည့်ရှုမရသဖြင့် ပစ္စည်းခိုးယူသူကို သက်ဆိုင်ရာက စုံစမ်းလျက်ရှိပြီး တိုင်ကြားမှုနှင့်ပတ်သက်၍ လှိုင်သာယာ မြို့မရဲစခန်းက(ပ)၃၃၄၈/၁၉ရာဇသတ်ကြီးဥပဒေပုဒ်မ၃၈၀အရအမှုဖွင့်ထားသည်။
















