နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဝရမ်းထုတ်ထားသည့် ဆရာတော်ဦးဝီရသူကို ဖမ်းဆီးနိုင်ခြင်းမရှိသဖြင့် ယနေ့ ဇွန် ၄ ရက်တွင် အနောက်ပိုင်းခရိုင်တရားရုံးက ထပ်မံ ဝရမ်းထုတ်ခဲ့သည်။
ရန်ကုန်အနောက်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားလိုပြုလုပ်၍ ဦးဝီရသူ(ခ)အရှင်ဝိစိတ္တဘိဝံသကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဦးတိုက် လျှောက်ထားမှုအပေါ် တရားရုံးက မေ ၂၈ ရက်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-က အရ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ထုတ်ပြန်ခဲ့ပြီးနောက် တရားခံဖမ်းဆီးရမိခြင်းမရှိသဖြင့် မေ ၂၈ ရက် ဖမ်းဝရမ်းအတည်မဖြစ်သောကြောင့် ယနေ့ဇွန်၄ရက်၌ မန္တလေးအမှတ် ၇ ရဲစခန်းမှ ရဲအုပ်ဇော်ဝေလင်းက တရားရုံးသို့ တရားခံမပါဘဲ ဝရမ်းပြန်သွင်း ခဲ့ခြင်းဖြစ်သည်။
" ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ၊ ရာဇဝတ်အထွေထွေအမှုတွေနဲ့ ဒီနေ့ ဝရမ်းဆက်ထုတ်ပေးလိုက်တယ်။ ဒီနေ့ထုတ်ပေးတဲ့ ဝရမ်းကို ဇွန် ၁၁ ရက်နေ့ရုံးတော်ကို ပြန်တင်သွင်းဖို့ ရုံးတော်က ချိန်းဆိုထားတယ်" ဟုအနောက်ပိုင်းခရိုင်တရားရုံး သတင်းနှင့်ပြန်ကြားရေး အရာရှိ ဦးမင်းသန့်က ပြောသည်။
















