သကြားလုံးကြိုက်တယ်၊ ဂျယ်လီကြိုက်တယ်၊ အချိုရည်ကြိုက်တယ် ဆိုတာ ကလေးသဘာဝပါပဲ။ ကလေးတွေကလူကြီးတွေထက် အချိုပိုကြိုက်ကြပါတယ်။ ငိုနေရင်တောင် သကြားလုံးလေးပေးလိုက်ရင် ငြိမ်သွားတာမျိုး၊ အချိုရည်လေးတစ်ငုံပေးလိုက်ရင် ကျေနပ်နေသွားတာမျိုး၊ လက်ဆောင်ပေးလို့ သကြားလုံး၊ဂျယ်လီလေးတွေပေးရင်လည်းသိပ်သဘောကျ။ ဒါပေမယ့် ဒါတွေကများလာရင် ကလေးအတွက် အဆိပ်အတောက်ဖြစ်စေနိုင်တယ်ဆိုတာ မေမေတို့ သိထားသင့်ပါတယ်။
အချိုစွဲလမ်းခြင်း
အချိုစားတာများလွန်းရင် မစားရမနေနိုင်စွဲလမ်းတဲ့အဆင့်ကိုရောက်ပြီးလူရောစိတ်ပါ ဆိုးကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်ပါတယ်။ အချိုစွဲလမ်းခြင်းဆိုတာ အစားအသောက်စွဲလမ်းမှုတစ်မျိုးဖြစ်ပြီး ဆေးစွဲသလိုကို ဖြစ်စေနိုင်ပါတယ်။ကလေးက အချိုမစားရတာနဲ့ စိတ်အပြောင်းအလဲမြန်၊ စိတ်တိုစိတ်ဆတ်လာတာ၊ တုန်တုန်ရီရီဖြစ်တာ၊ တက်ကြွလှုပ်ရှားမှုလွန်ကဲတာ၊လေးကန်ထိုင်းမှိုင်းတာတွေဖြစ်လာနိုင်တယ်။အချိုစားတာများရင် အဝလွန်ခြင်း၊ အာဟာရချို့တဲ့ခြင်း(အာဟာရဓာတ်တွေအလုံအလောက်မရနိုင်လို့)နဲ့ သွားပိုးစားခြင်းစတဲ့ ဆိုးကျိုးတွေကလည်းရှိတယ်။
ဒါ့ကြောင့် ဒီလိုအလွန်အကျွံစွဲလမ်းတဲ့အဆင့်ကိုအရောက်မခံဘဲကလေးကို စားသောက်ပုံအမူအကျင့်အချိန်မီပြောင်းလဲပေးဖို့လိုပါတယ်။ အချိုလုံးဝမစားရဘူးဆိုတာတွေမလုပ်ဘဲမေမေတို့ ဉာဏ်ကောင်းဖို့တော့လိုတာပေါ့နော်။
အချိုရည်တွေကိုအိမ်မှာအလွယ်တကူသောက်ဖို့ဝယ်မထားပါနဲ့
အိမ်မှာအသင့်ရှိနေရင် ကလေးက တောင်းနေမှာ၊ တစွတ်စွတ်သောက်နေမှာသေချာတာပေါ့။ မတိုက်ရင်လည်း တော်တော်ဂျီကျမှာနော်။ ကိုယ်တိုင်ဖျော်တဲ့ အချိုလျှော့အသီးဖျော်ရည်ကိုအချိုရည်ဘူးခွံဒါမှမဟုတ် လှတပတဘူးလေးတွေထဲထည့်ပါ။ ကလေးတွေသောက်လည်း ဘေးမဖြစ်စေဘူး၊ အချိုနည်းလို့မကြိုက်ကြဘူးဆိုလည်းအချိုရည်တွေ အများကြီးမသောက်ဖြစ်တော့ဘူးပေါ့။
အချိုပွဲကျွေးတဲ့ အချိန်သီးသန့်သတ်မှတ်ထားပါ
ထမင်းစားပြီးနှစ်နာရီလောက်အကြာသရေစာစားချိန်မှာအချိုပွဲသို့မဟုတ် မုန့်ကျွေးတာမျိုးသတ်မှတ်ထားပေးပါ။ သကြားလုံးတွေ၊ အချိုတွေကိုစားချင်တဲ့အချိန် ထစားတာထက် အချိန်တစ်ခုသတ်မှတ်ထားတဲ့အခါ အကန့်အသတ်တစ်ခုဖြစ်သွားစေတာပေါ့။ ကျွေးတဲ့အချိုပွဲကလည်းကိုယ်တိုင်လုပ်တဲ့မုန့်တွေ၊ အသီးအနှံလေးတွေကို ပြင်ဆင်ထားတာဆိုပိုကောင်းပါတယ်။ ဂျယ်လီတို့၊ ကွတ်ကီးတို့ဆိုလည်းအချိုပါဝင်မှုနည်းတာ၊ အရောင်တု၊ အနံ့တု၊သကြားတုမပါတာကိုရှာဝယ်ထားပါ။
အသီးအနှံလေးတွေ အကျင့်လုပ်ကျွေးထားပါ
ကလေးကို အသီးအနှံတွေ မကြာခဏကျွေးပါ။ ဒိန်ချဉ်လေးနဲ့ အသီးလေးတွေ စီစဉ်ပေးတာမျိုး၊ သစ်သီးယိုထိုးပေးတာမျိုး(အချိုလျှော့ထားမယ်)၊ သစ်သီးစုံရေခဲချောင်းလုပ်ကျွေးတာမျိုးမကြာခဏအကျင့်လုပ်ပေးထားပါ။ ဈေးကွက်ကအပြင်စာတွေ အဆက်မပြတ်စားနေတာထက်စာရင် ဘေးဖြစ်တာနည်းစေနိုင်ပါတယ်။
ကိုယ်တိုင်လည်းဆင်ခြင်ပါ
ကလေးကိုတော့ စားချင်တိုင်းမစားရအောင် ကန့်သတ်ထိန်းနေပြီးသူ့ရဲ့စံပြဖြစ်နေတဲ့မိဘကအချိုတွေ၊ အပြင်စာတွေချည်းထိုင်စားနေမယ်ဆိုမတရားရာကျပါတယ်။ကလေးရဲ့စိတ်မှာလည်းလူကြီးလစ်ရင် မတည့်တာတွေခိုးစားဖို့ တွေးလာနိုင်ပါတယ်။ တကယ်ကကလေးကိုယ်တိုင်လိုလိုလားလားနဲ့ အချိုလျှော့စားဖြစ်လာအောင် ဖန်တီးကျင့်ယူပေးရမှာပါ။ အသီးတွေ၊ကျန်းမာရေးနဲ့ညီတာတွေကိုမေမေတို့ကကလေးရဲ့ရှေ့မှာစားပြမယ်ဆိုလိုက်စားကြည့်မှာပဲ။ ဟိုဟာမစားရဘူး၊ ဒါပဲစားရမယ် ဆိုတဲ့အတင်းအကျပ်စီမံမှုတွေထက် တဖြည်းဖြည်းချင်းညင်သာစွာသိမ်းသွင်းယူပါနော်။
ဘာတိုက်တိုက် နှစ်ခါပြန်စဉ်းစားပါ
ကလေးကိုအားရှိအောင်၊ အာဟာရဓာတ်တွေရအောင်၊ ဉာဏ်ထက်အောင် စတဲ့ရည်ရွယ်ချက်တွေနဲ့ သောက်စရာတွေမျိုးစုံတိုက်ကြပါတယ်။ မုယောစပါးအခြေခံတဲ့သောက်စရာတွေ၊ အသင့်သောက်နို့၊ ပဲနို့ စတာတွေအစုံပါပဲ။ ဒါတွေမတိုက်ခင်မှာသူတို့မှာအချိုဘယ်လောက်ပြင်းသလဲ ပြန်စဉ်းစားပါ။ ဒီလောက်ချိုတာတွေ ကလေးကိုနေ့တိုင်းစွဲတိုက်လို့ဖြစ်ပါ့မလားဆိုတာ မေမေတို့ဆုံးဖြတ်ရမှာပါ။ ခုနကရည်ရွယ်ချက်တွေအတွက်ဆိုအချိုနည်းတဲ့ ဖြည့်စွက်အာဟာရတွေ၊ နို့တွေ ကိုရွေးချယ်တာပိုကောင်းပါလိမ့်မယ်။
အချိုစားများတဲ့ကလေးကိုဒီနည်းလေးတွေသုံးပြီးထိန်းကြည့်လိုက်ပါ။ အတင်းအကျပ်နည်းကိုမသုံးဘူးဆိုရင် စိတ်ရှည်သည်းခံတဲ့ မေမေတို့ရဲ့ ကြင်နာမှုတွေကိုကလေးဘက်ကတုံ့ပြန်လာပါလိမ့်မယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများမပြုလုပ်ပေးပါ။

















