ပေါင်းတည်မြို့၌ ဓါးကိုင်ကာ ရန်ဖြစ်စကားများနေသည့် ယာဉ်မောင်း နှစ်ဦးကို သက်ဆိုင်ရာက ယနေ့ ဇွန် ၆ ရက်တွင် လက်နက်ကိုင်ဆောင်မှုဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ပေါင်းတည်မြို့ ဈေး(၁)ရပ်ကွက်ရှိ ပြည်သူ့ ပန်းခြံရှေ့၌ ယာဉ်မောင်းနှစ်ဦး ဓားကိုင်၍ စကားများ ရန်ဖြစ်နေကြောင်း သတင်းအရ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေရာတွင် ဘုရားကြီးမြို့နေ အောင်ဖြိုးဝေချစ်(၂၁ နှစ်)နှင့် ဗိုလ်တထောင်မြို့နယ်နေ အောင်အောင် (၂၃ နှစ်)တို့ ဓားများကိုင်ဆောင်လျက် စက်သုံးဆီကိစ္စ စကားများရန်ဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။
သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့နှစ်ဦးကို ဖျန်ဖြေပေးခဲ့ပြီးနောက် အောင်ဖြိုးဝေချစ်ထံမှ ငွေရောင်သတ္တုရိုးတပ် အရိုးအသွား (၂)ပေ(၈)လက်မခန့်ရှိ ဓါးဦးချွန် ငှက်ကြီးတောင် ဓားတစ်ချောင်းနှင့် ဓားအိမ်တစ်ခု ၊ အောင်အောင်ထံမှ ငွေရောင် သတ္တုရိုးတပ် အရိုးအသွား (၂)ပေ(၈)လက်မခန့်ရှိ ဓါးဦးချွန် ငှက်ကြီးတောင်ဓားတစ်ချောင်းနှင့် ဓားအိမ်တစ်ခု တို့ကို သိမ်းဆည်းခဲ့သည်။
ပေါင်းတည်မြို့မရဲစခန်းက (ပ)၁၁၈/၁၉၊ (ပ)၁၁၉/၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉ (င)တို့အရ ၎င်းတို့ ၂ ဦးကို ဆက်လက် စစ်ဆေးလျက်ရှိသည်။

















