သစ်တောဟောင်း အိမ်ကလေးရဲ့ အိမ်ရှင်တွေ သို့မဟုတ် ယူနီယံဘာလင်

သစ်တောဟောင်း အိမ်ကလေးရဲ့ အိမ်ရှင်တွေ သို့မဟုတ် ယူနီယံဘာလင်

ဂျာမနီနိုင်ငံရဲ့ အသည်းနှလုံး ဘာလင်မြို့ရဲ့ မဟာဘာလင် သားတွေဖြစ်တဲ့ ယူနီယံဘာလင်ဟာ ဘွန်ဒက်စ်လီဂါ ပထမတန်းရဲ့ စတုဂတ်အသင်းကို ထပ်ကျော့ခြေစစ်ပွဲ ဒုတိယ အကျော့မှာ ဂိုးမရှိသရေကစားပြီး အဝေးဂိုးစည်းမျဉ်းအရ အနိုင်ရကာ၊ ဘွန်ဒက်စ်လီဂါကို တန်းတက်လာနိုင်ခဲ့ပါ တယ်။ ဒါဟာ ယူနီယံဘာလင်ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် တန်းတက်ခွင့်ရခဲ့တာကိုလည်း သမိုင်းမှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်။ အစဉ်အလာအရ ဘွန်ဒက်စ်လီဂါ ပထမတန်းအသင်းတွေဟာ ၂ဝ၁၂ ကတည်းက ဒီလိုထပ်ကျော့ခြေစစ်ပွဲတွေ ကစားရတိုင်း မရှုံးခဲ့ဘူး။ တင်ကျန်ခဲ့တယ်ဆိုတဲ့ အဆိုအမိန့်တစ်ရပ်ကို လည်း ယူနီယံဘာလင်က ချိုးဖျက်နိုင်ခဲ့ပါတယ်။

သူတို့ဟာ အရင်က စကားနဲ့ပြောရမယ်ဆိုရင်တော့ အရှေ့ဘာလင်သားတွေဖြစ်ပါတယ်။ စစ်အေးခေတ် ကာလ Cold War ကာလကြီးထဲ ဘာလင်တံတိုင်းကြီးနဲ့ ခွဲခြားခံရချိန်မှာ သူတို့ဟာ အရှေ့ဘာလင်အခြမ်းဘက်မှာ ရှိနေခဲ့ပါတယ်။ အဲဒီလို အရှေ့ဂျာမနီ၊ အရှေ့ဘာလင် စတဲ့ အခေါ်အဝေါ်အသုံးအစွဲတွေက အခုထက်ထိလည်း သုံးနေကြဆဲဖြစ်ပါတယ်။ အရှေ့ဂျာမနီအခြမ်းကနေ ဘွန်ဒက်စ်လီဂါမှာ ကစားဖူးတဲ့ သူ့ထက်အရင် အသင်းတွေကတော့ ဒိုင်နမိုဒရက်စ်ဒင်၊ ဟန်ဆာရော့ စတော့၊ လိုက်ပဇစ်နဲ့ ကော့စ်ဘတ်အသင်းတို့ပဲဖြစ်ပါတယ်။

နောက်တစ်ချက်က သူတို့ဟာ ဒီလို Play-off ထပ်ကျော့ခြေစစ်ပွဲကစားပြီး ဘွန်ဒက်စ်လီဂါပထမတန်း အသင်းကို အနိုင်ယူခဲ့တဲ့ ဆမြမြောက် ကလပ်အသင်း လည်း ဖြစ်လာခဲ့ပါတယ်။ သူ့အရင် ကျော်ဖြတ်သွားနိုင်တဲ့ အသင်းတွေကတော့ ၁၉၈၁−၈၂ ဘောလုံးရာသီကစလို့ ဘေယာအာဒင်းဂျင်၊ ဆာဘရုကင်၊ စတုဂတ်၊ နူရင်ဘတ်နဲ့ ဒူဆယ်လ်ဒေါ့ဖ်အသင်းတွေဖြစ်တာကို တွေ့ရှိရပါတယ်။ဘွန်ဒက်စ်လီဂါကို ပထမဆုံးအကြိမ် တန်းတက်လာတဲ့ ယူနီယံဘာလင်ကို ကြိုဆိုရင်း သူတို့အကြောင်း နည်းနည်း မြည်းစမ်းကြည့်လိုက်ရအောင်လား။

ပထမဆုံး တည်ဆောက်ရေးကာလ (၁၉ဝ၆−၁၉၄၅)

သူတို့ကလပ်ရဲ့ အခြေခံက ဘာလင်ရဲ့ ကိုပင်နစ်ခ် အရပ်မှာ အခြေချခဲ့တာပါ။ သူတို့ဟာ FC အိုလံပီယာ 06 ကလပ်အဖြစ် ၁၉ဝ၆ ခုနှစ်ကတည်းကတည်ထောင်ခဲ့ တာ ဖြစ်ပါတယ်။ နောက်တော့ ၁၉၁ဝ မှာ သူတို့ဟာ Sc ယူနီယံ 06 ကလပ်ကို လွှဲပြောင်းယူလိုက်ပါတယ်။ ၁၉၂၃ ဂျာမန်ချန်ပီယံရှစ်မှာ သူတို့ဟမ်းဘတ်ကို ဝ-၃ ဂိုးရလဒ်နဲ့ရှုံးခဲ့ပါတယ်။ သူတို့ရဲ့ နာမည်ပြောင်က သတ္တုတွင်း လုပ်သားကလေးများပါ။ ဘာကြောင့် ဒီလိုခေါ်ဆိုရသလဲ ဆိုတော့ သူတို့ကလပ်မှာ သတ္တုတွင်း စက်ရုံတွေက အလုပ်သမားလေးတွေ အများစုပါဝင်နေလို့ပါပဲ။ ၁၉၃၃ ဂျာမနီရဲ့ တတိယရိုက်ချ် နိုင်ငံတော်ကြီးဖြစ်လာပြီးတဲ့နောက် သူတို့ဟာလည်း အသင်းကို သေချာကျနစွာ တည်ဆောက်ခဲ့ပါ တယ်။

လမ်းခွဲခြင်းကာလ (၁၉၄၅-၁၉၆၁)

ဒုတိယကမ္ဘာစစ်အပြီး သူတို့ဟာ ဂျာမနီမှာရှိတဲ့ ဘောလုံးအဖွဲ့အစည်းတွေနဲ့ လမ်းခွဲခဲ့ရပြီး အသစ်တည်ရှိ လာတဲ့ မြူနီစပယ် အားကစားအုပ်စုတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၄၆ ကာလလွန်နှစ်များကတော့ သူတို့အတွက် အဆိုးဝါးဆုံး အကြမ်းတမ်းဆုံး ထိရှခဲ့တဲ့ နှစ်တွေပါပဲ။

ယူနီယံဘာလင်ကို ပြန်လည်တည်ထောင်ခြင်း (၁၉၆၁-၁၉၉ဝ)

FC ယူနီယံဘာလင်အဖြစ် ၁၉၆၆ မှာ ပြန်လည်တည် ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီအချိန် သူတို့ဟာ DOR လီဂါ မှာ ဝင်ရောက်ကစားနေပါပြီ။ ၁၉၆၈ မှာ အရှေ့ဂျာမန် ဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါသို့ ချဉ်းနင်းဝင်ရောက်ခြင်း (၁၉၉ဝ-၂ဝ၁၉)

၁၉၉ဝ မှာ ဂျာမနီနှစ်နိုင်ငံပေါင်းစည်းပြီး ဘွန်ဒက်စ် လီဂါရယ်လို့ ဖြစ်လာတဲ့အချိန်မှာတော့ သူတို့ဘွန်ဒက်စ် လီဂါမှာ ကစားခွင့်ရဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သူတို့ဟာ ဘွန်ဒက်စ်လီဂါ ဒုတိယတန်းမှာ ကစားနေရင်း ဘဏ္ဍာရေးအကျပ်အတည်း တွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါသေးတယ်။ဘူလ်ဂေးရီးယားမန်နေဂျာ ဂျော်ဂျီဗာဆီလက်ဗ်ရဲ့ လက်ထက် ၂ဝဝဝ−၂ဝဝ၁ ရာသီမှာတော့ အောင်မြင်မှုတွေ ရခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ဂျာမန်ဖလားမှာ ရှော်လ်ကေးကို ဝ−၂ ဂိုးရလဒ်နဲ့ ရှုံးခဲ့သေးတယ်။ သူတို့ဟာ ဘွန်ဒက်စ်လီဂါ တတိယတန်းအထိ ဆင်းကစားပြီး ရုန်းကန်ခဲ့ရတာကိုလည်း မေ့ထားလို့မရဘူး။ အခုတော့ သူတို့ဟာ ဘွန်ဒက်စ်လီဂါ ပထမတန်းကို တန်းပြန်တက်လာခဲ့ပြီ။

သူတို့ကို သစ်တောဟောင်း အိမ်ကလေးရဲ့ အိမ်ရှင် တွေလို့ ကင်ပွန်းတပ်ရတာက သူတို့ရဲ့ ကစားကွင်းနာမည် က အဲဒီအဓိပ္ပာယ်ပဲ ပေါက်နေလို့ပါ။ ဘွန်ဒက်စ်လီဂါမှာ တော့ သူတို့နဲ့ ဟာသာဘာလင် ကစားမယ့်ပွဲစဉ်ကတော့ စိတ်ဝင်စားစရာကောင်းနေမှာပါ။အခုဆိုရင် သူတို့လည်း ပြင်ဆင်မှုတွေ လုပ်နေပါပြီ။ နိုက်ဂျီးရီးယားတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဆူလေမန် အက်ဗ္ဗဒူလာဟီကို လက်မှတ်ရေးထိုးခေါ်ယူလိုက်ပါပြီ။ အသက် ၂၂ နှစ်သားသာရှိသေးတဲ့ အဲဒီတိုက်စစ်မှူးလေး ဟာ ယူနီယံဘာလင်အတွက် ဘယ်လောက်အကျိုးပြုပေး နိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ဘွန်ဒက်စ်လီဂါမှာ အရှေ့ဂျာမနီအခြမ်းဘက်က ကလပ်အသင်းတစ်သင်းတိုးလာပြီး ဘယ်လောက်တိုးထွက်နိုင် မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ သစ်တောဟောင်း အိမ်ကလေးရဲ့ အိမ်ရှင်တွေက ဘယ်လို ဧည့်ခံမလဲဆိုတာကတော့ ....။



ဖတ်ရှုမှုအများဆုံး